စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ဟဲဖက်ကျေးရွာမှာ ဩဂုတ် ၈ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ယာဉ်တန်းကို ရှမ်းနီတပ်မတော် (SNA) က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
SNA ဗိုလ်မှူးကြီး စိုင်းဆေထွန်းက “နေ့လယ် ၁ နာရီခွဲကပါ။ စစ်ကောင်စီတပ်ရဲ့ ယာဉ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က ဗျူဟာမှူးကိုယ်တိုင်ဦးစီးကာ နန့်တောအနီးမှာ အခြေချနေတာဖြစ်ပြီး ဩဂုတ် ၈ ရက်နေ့ နေ့လယ်ပိုင်း စစ်ကားသုံးစီးနဲ့ ထွက်လာတဲ့အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ် ၆ ရက်နေ့ကလည်း ဟဲဖက်အုပ်စု ကွေ့ပေကျေးရွာအနီးမှာ SNA ရှမ်းနီတပ်နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။