နိုင်ဂျီးရီးယားတွင် ၇ နှစ်ကြာ ပြန်ပေးဆွဲခံရသည့် ကျောင်းသူ ၁ ဦးလွတ်မြောက်

နိုင်ဂျီးရီးယားနိုင်ငံ၊ ဘော်နိုပြည်နယ်၊ ချီဘုတ်မြို့ကနေ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသူလေးတွေထဲက တစ်ယောက်ဟာ ၇ နှစ်အကြာမှာ ပြန်လွတ်လာပြီး သူ့မိဘတွေနဲ့ ပြန်ဆုံစည်းခဲ့ပြီလို့ ဘော်နိုပြည်နယ် အုပ်ချုပ်ရေးမှူးက သြဂုတ် ၇ ရက်မှာ ပြောပါတယ်။

ဘိုကိုဟာရမ် သူပုန်အဖွဲ့က ၂၀၁၄ ဧပြီလမှာ ကျောင်းကို စီးနင်းပြီး သူနဲ့ အတန်းဖော် အယောက်‌ ၂၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့တာပါ။

ဒီအမှုဟာ နိုင်ငံတကာအလယ်မှာ ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး မိန်းကလေးတွေကို ပြန်ခေါ်ပေးဆိုတဲ့ စာသားနဲ့ လူမှုကွန်ရက်တွေပေါ်မှာ လှုပ်ရှားမှု တစ်ရပ် အုတ်အော်သောင်းတင်း ပေါ်ပေါက်ခဲ့ပါတယ်။

မိန်းကလေးဟာ ပြန်ပေးဆွဲခံထားရချိန်မှာ သူလက်ထပ်ခဲ့တဲ့ လူနဲ့အတူ စစ်တပ်ဆီမှာ လွန်ခဲ့တဲ့ ၁၀ ရက်က အဖမ်းခံခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အစိုးရအရာရှိတွေက မိန်းကလေး ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်အပြီး မိဘတွေကို ဆက်သွယ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ကနဦးက ဘိုကိုဟာရမ်တွေ ပြန်ပေးဆွဲခဲ့တဲ့ မိန်းကလေးဦးရေ ၂၇၀ ကျော်ခဲ့ပြီး သူတို့ထဲက ၈၂ ယောက်ကို ၂၀၁၇ ခုနှစ်မှာ ပြန်လွှတ်ပေးခဲ့တာပါ။ နောက်ထပ် ၂၄ ယောက်လည်း ကြားမှာ ပြန်လွတ်လာခဲ့ပါတယ်။

မိန်းကလေးဦးရေ နည်းနည်းကတော့ ထွက်ပြေးလွတ်မြောက် လာခဲ့ကြပေမဲ့ မိန်းကလေး ၁၁၃ ယောက်ကတော့ ဘိုကိုဟာရမ် စစ်သွေးကြွတွေ ဖမ်းဆီးထိန်းသိမ်းထားခံရဆဲလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up