ကရင်ပြည်နယ်တွင် သစ်တောများ မရှိတော့ဟုဆို

829
အလွန်အကျွံ ခုတ်လှဲရောင်းစားခဲ့မှုတွေကြောင့် ၂၀၀၁ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အကြား ၁၀ နှစ်အတွင်း ကရင်ပြည်နယ်မှာ သစ်တောတွေ မကျန်တော့သလောက် ပြုန်းတီးကုန်ကြောင်း ကရင်ပြည်နယ်အစိုးရ အဖွဲ့ဝင် သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး စောဆာလောလာက ပြောပါ တယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကရင်ပြည်နယ်မှာ ကေအန်ယူနဲ့ ဒီကေဘီအေအဖွဲ့တွေက သစ်ကို အလွန်အကျွံ ထုတ်လုပ်ခဲ့ကြောင်း၊ အစိုးရနဲ့ စစ်တပ်ကလည်း ထိန်းသိမ်းနိုင်စွမ်း မရှိကြောင်း၊ ဒီအတွက် သစ်တော အလွန်အကျွံ ပြုန်းတီးကုန်ကြောင်း သူက ပြောပါတယ်။
ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ က အမျိုးသားလွှတ်တော်အမတ် စောအောင်ကျော်နိုင်ကလည်း ၀ိသမလောဘသားတွေကြောင့် သစ်တောတွေ မရှိတော့ကြောင်း ဘားအံမြို့မှာ ကျင်းပတဲ့ အစိမ်းရောင်ကွန်ရက် မျိုးဆက်သစ်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါသေးတယ်။
