အာဏာရှင်တို့၏ စိတ္တဇ

၁၉၅၈ ခုနှစ်သည် စစ်တပ်ကအာဏာသိမ်းခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ဦးနု၏ ပါးနပ်မှုကြောင့်သာ အာဏာသိမ်းခြင်းမှသည် ခေတ္တခဏ အာဏာလွှဲပြောင်းခြင်းဆီသို့ ဦးဆိုက်ခြင်းဖြစ်သည်။ လတ်တလောကြားနေရသော အိမ်စောင့်အစိုးရဆိုသည်မှာ ဗိုလ်နေဝင်း တီထွင်ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။

၁၉၆၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲပြန်လည် ကျင်းပပေးသည်။ စစ်တပ်က ၎င်းတို့နှင့်နီးစပ်သော ဦးဗဆွေနှင့် ဦးကျော်ငြိမ်းဦးဆောင်သည့် တည်မြဲဖဆပလဘက် ပြတ်ပြတ်သားသားပင်းခဲ့သည်။ သို့သော်၊ ဒီမိုကရေစီကို ခုခံကာကွယ်ရမည်ဆိုသည့် မြန်မာပြည်သူ၏ စိတ်ဓာတ်ခွန်အားကြီးမှုအရ ဦးနုဦးဆောင်သော သန့်ရှင်းဖဆပလကို မဲပုံအောလိုက်ကြသည်။

သန့်ရှင်းအနိုင်ရရှိခြင်းသည် ဗိုလ်နေဝင်းအတွက် ခိုကိုးရာမဲ့ဖြစ်သွားသလိုမျိုး။ မနေ့တစ်နေ့ကပဲ နိုင်ငံ တော်၏ အထွတ်အထိပ်အာဏာရရှိခဲ့သူက အချိန်မရွေးကာကွယ်ရေးဦးစီးချုပ်ရာထူးကပင် မောင်းချခံရနိုင်ကြောင်း ဗိုလ်နေဝင်းတွက်ဆခဲ့ပုံရသည်။ ထို့ကြောင့် ခြေမြန်လက်မြန်ပင် ရွေးကောက်ပွဲတွင် ကြားမနေဘဲ တည်မြဲဘက်၊ ဘက်လိုက်ခဲ့သည်ဆိုသော အကြောင်းပြချက်ဖြင့် ဗိုလ်မှူးချုပ်အောင်ရွှေ၊ ဗိုလ်မှူးကြီးချစ်ခိုင်၊ ဗိုလ်မှူးကြီးတင်မောင် ၊ ဗိုလ်မှူးကြီးကြည်ဝင်းစသည့် စစ်တပ်တွင်း ဒုတိယခေါင်းဆောင်အဆင့်များကို ရှင်းထုတ်ပစ်ကာ ဝန်ကြီးချုပ်ဦးနုကို မျက်နှာလုပ်သည်။

နိုင်ငံရေးဘက်မလိုက်ရဆိုသည့် စစ်တပ်၏မူကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသူပမာ ဝန်ကြီး ချုပ်ဦးနု ယုံကြည်မှုရှိစေရန် ကြံဆောင်ချက်ဖြစ်သည်။ ထို့ပြင် တပ်တွင်းသြဇာရှိပြီး၎င်းလုပ်သမျှ နာခံမည်မဟုတ်သော အရာရှိကြီးများကို ရှင်းထုတ်လိုက်နိုင်ခြင်းကြောင့် စစ်တပ်တွင်း ဗိုလ်နေဝင်းအာဏာ ပိုမိုခိုင်မာလာစေသော ဗိုလ်နေဝင်း၏ မဟာဗျူဟာမြောက် အမြော်အမြင်လည်းဖြစ်သည်။

ပြင်ပရန်က သံသယနည်းလာပြီး စစ်တပ်တွင်း ငါမှငါဆိုသည့် အာဏာခိုင်မာလာသည့် ၁၉၆၂ ခုနှစ် ရောက်တော့ ဖက်ဒရယ်အရေးကို နိုင်ငံတော်ပြိုကွဲတော့မည့်သဏ္ဍာန်အကြီးအကျယ်ပုံဖော်ကာ  တော်လှန်ရေးကောင်စီအမည်ဖြင့် အာဏာကိုပြန်လမ်းမဲ့သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

ဗိုလ်နေဝင်းအာဏာသိမ်းပြီးသိပ်မကြာ ပုံမှန်ကုလားထိုင်များထက် ၉ လက်မပိုမြင့်သော အထူးကု လားထိုင်ကြီးတစ်လုံး တည်ဆောက်ကာ ၎င်း၏ အာဏာရှင်စိတ္တဇကို ဖော်ပြခဲ့သည်။ မြန်မာတစ် ပြည်လုံးတွင် ငါသည်သာပြိုင်ဘက်မရှိ နံပါတ်တစ်ဆိုသည့် ကျပ်မပြည့်ခြင်းလက္ခဏာ။

ဗိုလ်နေဝင်း၏ ရူးချက်က နိုင်ငံခြားခရီးစဉ်ကလွဲ ဘယ်မြို့သွားသွား ထိုကုလားထိုင်ကြီးပါသည်။ သူ က အရင်ရောက်နှင့်ပြီး သူ့အထူးကုလားထိုင် ရောက်မလာသေးလျှင် မည်သည့်ခုံမှာမှ မထိုင်၊ မိုးတိုး မတ် တပ်။ သူ့ကုလားထိုင်ကြီးရောက်လာမှသာ အထူးကုလားထိုင်ပေါ် မိန့်မိန့်ကြီးထိုင်တော့သည်။

နားမလည်သော သူ့တပည့်တချို့က သူသွားလေရာ ကုလားထိုင်ကြီးကိုပါ သယ်ရပြုရအလုပ်ရှပ် သဖြင့် ဗိုလ်နေဝင်းမကြာခဏသွားလေ့ရှိသော မြို့များတွင် အထူးကုလားထိုင်များ ထပ် တည်ဆောက်ထား ရန်အကြံပြုခဲ့သည်။ ဗိုလ်နေဝင်းကလုံး၀ လက်မခံ။ သူမရှိတုန်း တခြားတစ်ယောက်ယောက်က ထိုကုလားထိုင်ကြီးပေါ် တက်ထိုင်တာမျိုးအဖြစ်မခံလို။ နောက်ပိုင်း ဗိုလ်နေဝင်းမှသည် ဦးနေဝင်းဆီသို့  အာဏာလွှဲ ပြောင်းပြီးနောက် လွှတ်တော်တွေဘာတွေ တက်သည့်အခါကျတော့ လွှတ်တော်တွင်း ၎င်းထိုင်ရန်အထူး ကုလားထိုင်တစ်လုံး ထပ်တည်ဆောက်ခဲ့သည်။

ဗိုလ်နေဝင်းက ကုလားထိုင်ကြီးပေါ်ထိုင်ရုံတင်မက စစ်တပ်တွင်းသူ့အာဏာကိုလည်း အကြီးကြီး တည်ဆောက်နိုင်ခဲ့သည်။ သူ့အာဏာတည်ဆောက်ခန်းတွင် သူနှင့်အနီးဆုံးသော ဗိုလ်မောင်မောင်နှင့် ဗိုအောင်ကြီးကိုပင် နာလန်မထူနိုင်အောင် ချနင်းခဲ့သည်။ ဗိုလ်နေဝင်းဘဝရော ဦးနေဝင်းဘဝတွင်ပါ လနှင့်ချီကြာ နိုင်ငံခြားထွက် အလေလိုက်ရဲသည်အထိ သူ့ကိုယ်သူ ယုံကြည်မှုကြီးခဲ့သည်။

ဗိုလ်နေဝင်း၏ နောက်ထပ်စိတ္တဇမှာ နိုင်ငံရေးသမားများကဲ့သို့ပင် တိုင်းပြည်ဖွံ့ဖြိုးအောင် စွမ်းဆောင် နိုင်စွမ်းရှိသည်ဟု ထင်ယောင်မှားခြင်းဖြစ်သည်။ သေနတ်ပစ်တတ်လျှင် ဘာမဆိုလုပ်တတ်သည်ဆိုသောဟာသကို ဗိုလ်နေဝင်းက စတင်ပျိုးထောင်ခဲ့ပုံရသည်။ ထိုသို့ယုံကြည်ရင်း တိုင်းပြည်လည်းအဆင်းရဲဆုံးနိုင်ငံ စာရင်းသို့ရောက်ရှိ။ အခြေအနေက ပါလီမန်ခေတ်တွင် အရှေ့တောင်အာရှနိုင်ငံများက မော့ကြည်ခဲ့ရသော မြန်မာနိုင်ငံသည် ဆယ်စုတစ်ခုကျော်ကာလသို့ ရောက်ရှိသောအခါ ငရဲသို့ ဇောက်ထိုးပြေးဆင်းခြင်းဖြစ်သည်။ 

ပြိုင်ဘက်မရှိဟု အထင်ရောက်ခဲ့သောဗိုလ်နေဝင်းသည် ပြည်သူကဖက်ပြိုင်သည့်အခါမှာတော့ မခံ နိုင်။ သို့သော်၊ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ပြိုလဲခဲ့သည့်တိုင် စစ်တပ်ဆိုတာ ပစ်ရင်မှန် အောင်ပစ်တယ်ဟုဆိုကာ (အမှန်တကယ်လည်းပြည်သူကို ပစ်သတ်ပြီးနောက်) နိုင်ငံရေးကန့်လန့်ကာနောက် ဒေါသတကြီးဖြင့် ဝင်သွားခဲ့သည်။

သူ့အသက်နှင့်စည်းစိမ်အတွက် စစ်တပ်ကို အာဏာထပ်သိမ်းစေသည်။ ဗိုလ်စောမောင်နှင့် သူ့ငယ်ကျွန်ပမာဗိုလ်ခင်ညွန့်ကို ပွဲထုတ်ခဲ့သည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးက မွေးထုတ်ပေးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း အာဏာရှင်တို့ကို အလဲထိုးရန် စင်မြင့်ထက်သို့ တက်လာခဲ့ပြီ။ အာဏာရှင်တို့က ၎င်းတို့၏ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)နိုင်မည်ဟု မျှော်လင့်ချက်ကြီးကာ ၁၉၉၀ပြည့်နှစ် တွင် ရွေးကောက်ပွဲကျင်းပခဲ့ရာ ခေါင်းမဖော်ဝံ့အောင်ရှုံးနိမ့်ခဲ့သည်။

အာဏာသိမ်းခိုင်းခြင်း၏အဓိပ္ပါယ်ကို နားမလည်သော ဗိုလ်စောမောင်က ၁၉၉၀ ပြည့်နှစ် ၊မတ်လ ၂၇ ရက် နေ့တွင် မိန့်ခွန်းပြောရာ၌ စစ်တန်းလျားပြန်မည်ဆိုသည့်ကတိကို ထပ်လောင်း အတည်ပြုခဲ့ကာ “…… တို့ဟာ ဗလောင်းဗလဲမပြောဘူး။ ကလိမ်ကကျစ်လည်း မလုပ်ဘူး။ ပြည်သူလူထုကို လည်းမလှည့်စားဘူး…..”ဟုဆိုခဲ့ရာ စောစောစီးစီး အာဏာဇာတ်သိမ်းခဲ့ရသည်။

ဗိုလ်သန်းရွှေနှင့် ဗိုလ်ခင်ညွန့်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအင်အားစုတို့ကို အရက် စက်ဆုံး ချေမှုန်းနည်းအစုံဖြင့် ဖက်ပြိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား တို့ဖြင့် နိုင်ငံရေးကစားကာ အနောက်အုပ်စု၏ ဖိအားများကို လှည့်ကြပတ်ကြသည်။  တစ်ဖက်တွင်လည်း ဗိုလ်သန်းရွှေရော ဗိုလ်ခင်ညွန့်ပါ ဒုတိယအာဏာရှင်ဘွဲ့ကိုခံယူခွင့်ရရန်အတွက် အပြိုင်အာဏာစုစည်းကြသည်။ ၄င်းတို့နှစ်ဦးစလုံး၏ တူညီသောအချက်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှုကြီးခြင်းကို မနာလိုစိတ် ကြီးစွာဖြင့် ဒေါသပုန်ထခြင်းဖြစ်သည်။

ဦးသိန်းစိန်လက်ထက်ရောက်တော့ ဦးသိန်းစိန်သည်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထု ထောက်ခံမှုကြီးခြင်းကို အားကျကာ ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ချင်စိတ်ရှိခဲ့သည်။ သို့သော်၊ ဦးသိန်းစိန်သည် နိုင်ငံရေးရည်မှန်းချက်မကြီးခြင်းနှင့် ၎င်းတို့အတွင်း စည်းကြား ပြင်းထန်သော နိုင်ငံရေး ပြိုင်ဆိုင်မှုများအရ ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ခြင်းစိတ်တွင် လုံ့လစိုက်ထုတ်မှုမပြင်းထန်။

ဒေါ်အောင်ဆန်းစုကြည်ကို အားကျခဲ့သူ နောက်တစ်ဦးမှာ ဦးရွှေမန်းဖြစ်သည်။ ၂၀၁၀-၂၀၁၅ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဘဝက လွှတ်တော်တွင်း တွေ့ဆုံမှုမှ တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်လည်း အားကျခဲ့သည်။ ဦးရွှေမန်း၏ အားကျမှုမှာ အပြုသဘောဆောင်သောစိတ်။ ဒေါ်အောင်ဆန်းစုကြည်လို လူထုအပေါ် ဩဇာကြီးသူဖြစ်ချင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တွဲဖက်ကာ အပေါင်းလက္ခဏာ ဆောင်သော တိုင်းပြည်ဖြစ်လာစေရေးနှင့် ၄င်း၏ပုဂ္ဂိုလ်ရေး အရှိန်အဝါကြီးလာအောင်လည်း အားထုတ်ခဲ့သည်။

သို့သော်၊ သန်းခေါင်ယံအာဏာသိမ်းပွဲအပြီး ပြည်ခိုင်ဖြိုးပါတီကို လက်လွှတ်လိုက်ရရုံမက ၂၀၁၅ ရွေး ကောက်ပွဲ၌ ရှုံးနိမ့်ခဲ့ခြင်းအရ ခြေမဲ့လက်မဲ့ဖြစ်ခဲ့ရသည်။ ဦးရွှေမန်း၏နောက်ဆက်တွဲစာမျက်နှာများမှာ ဒေါ်အောင်ဆန်းစုကြည်ပေးအပ်ခဲ့သော အထူးကော်မရှင်ဥက္ကဋ္ဌဘဝ။ ထို့နောက်ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီထူထောင်။ ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နေရာမျှပင်မနိုင်ခဲ့။ ပြည်သူဘက်လုံးလုံးလျားလျားရပ်ရမည့် ယခုလိုကာလမျိုးရောက်တော့ ဦးရွှေမန်းသည် ပျောက်ချက်သားကောင်းလို့။ ဦးရွှေမန်းသည်စွန့်စားလှမ်းရမည့် နောက်ထပ်ခြေတစ်လှမ်းကို ဆက်မလှမ်းရဲတော့သဖြင့် အကြီးကြီးမှန်းခဲ့ပြီး စောစောစီးစီးနိုင်ငံရေး သေသွားခဲ့ခြင်းဖြစ်သည်။ ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ နိုင်ငံရေးသတ္တိမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ချင်ခဲ့သည်။ မိသားစုဘဝကိုထားခဲ့ပြီး တစ်ဦးချင်းဘဝသည်လည်း အကျယ်ချုပ်ဘဝနှစ်များစွာ ကြာသည့်တိုင် ပြည်သူ့ရှေ့ မတ်မတ်ခိုင် ချစ်နိုင်စွမ်းသည် စိတ်ကူးယဉ်လို့မရကြောင်း ယခုဆို ဦးရွှေမန်းသ ဘောပေါက် လောက်ပြီဟုထင်၏။

ဦးရွှေမန်းနှင့် မရှေ့မနှောင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ချင်သူတစ်ဦး လည်းရှိသေးသည်။ ၎င်းမှာ ပြည်သူတို့၏ဆဲဆိုခြင်းဒဏ် ၂၄ နာရီပြည့်ခံနေရသူ မင်းအောင်လှိုင်ဖြစ်သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်လို ပြည်သူအပေါ် ဩဇာကြီးသူတစ်ဦးဖြစ်ချင်စိတ် ပြင်းပြသည်။ မည်သို့မျှမဖြစ်နိုင်မှန်းလည်းသိကာ သိမ်ငယ်စိတ်ရှိ သည်။ သို့သော် ၊သေနတ်ပစ်တတ်လျှင ဘာမဆိုလုပ်တတ်သယောင်  ဂျင်းအကြီးစားကို သူ့တစ်သက်တာမြိန်ရေယှက်ရေ စားခဲ့ဖူးသဖြင့် သူက ဘာမို့လဲဆိုသည့် မခံချင်စိတ် လည်းရှိသည်။ သိမ်ငယ်စိတ်၊ မခံချင်စိတ်နှင့် မျက်မြင်အခြေအနေတို့ ပေါင်းစပ်လိုက်သောအခါ အစိုင်အခဲကြီးလှသော မနာလို စိတ်ကြီးဖြစ်ပေါ်လာတော့သည်။

ထို့ကြောင့်ဒေါ်အောင်ဆန်းစုကြည်ရှေ့မှောက်တွင် ကြွက်ကလေးတစ်ကောင်လို ကုပ်ချောင်းချောင်း ဖြစ်နေသလောက် နောက်ကွယ်လည်းကျရော အသံထွက်ကျယ်လောင်ကာ ဒေါ်အောင်ဆန်းစုကြည်လုပ်သလောက် သူလည်းပဲလုပ်နိုင်သလိုလို၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးဆောင်အရယူပြတော့မှာလိုလို သမ္မတကြီးရာထူးကို ထိုင်ရာမှမထ စီမံခန့်ခွဲမှု ကျွမ်းကျင်သူလိုလိုဖြင့် ဟိတ်ဟန်ထုတ်တော့သည်။

ဗိုလ်သန်းရွှေတီထွင်ထုတ်လုပ်ခဲ့သော ၂၅ ရာခိုင်နှုန်း အကျောရနေသည့်စနစ်တွင်ပင် စစ်တပ်နှင့် ပြည်ခိုင်ဖြိုးပါတီပေါင်းကာ ယခုဘဝ၌ အစိုးရဖွဲ့နိုင်တော့မည်မဟုတ်ကြောင်း ရာနှုန်းပြည့်နီးပါး သေချာသွားသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ထွက်ပေါ်ခဲ့သည်။ ရိုးသားစွာယှဉ်ပြိုင် အနိုင်ယူနိုင်စွမ်းမရှိသော မင်းအောင်လှိုင်ခမျာ မြေခွေးတို့ထုံးနှလုံးမူကာ ဗြောင်စဉ်းလဲတော့သည်။ 

ဆရာ့၊ဆရာတို့၏ လမ်းစဉ်အတိုင်း ဆန့်ကျင်ပြည်သူမှန်သမျှကို ဗြောင်သတ်ဖြတ်ပြကာ အာဏာရှင် ဖြစ်ကြောင်း ရဲဆေးတင်သည်။ ဗိုလ်သန်းရွှေမအောင်မြင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ချေမှုန်းရေးလမ်းစဉ်ကို မနာလိုစိတ်ကြီးစွာဖြင့် ထမ်းဆောင်သည်။

ရှေ့သို့ချီနေသောတိုင်းပြည်သည် ဖေဖေါ်ဝါရီ ၁ မှစတင်ကာ ဘက်ဂီယာခပ်ပြင်းပြင်းနင်းကာ ပြန် ဆုတ်သည်။ တိုင်းပြည်အတွင်း အစစအရာရာသည် အရေးပေါ်ခွဲခန်းထဲသို့ ရောက်ရသည်။ အာဏာရှင်ဘေး တင်မက ကပ်ဘေးပါထပ်သင့်လေတော့ ပြည်သူတို့ခမျာ မသေသင့်ဘဲသေကြရ။ အောက်ဆီဂျင်ရရှိရေးအတွက် ပြေးရလွှားရ၊ ဆေးဆိုင်ရှေ့ ဆေးတန်းစီဝယ်ပြန်တော့လည်း (ကိုဗစ်စည်းကမ်းနှင်အညီ ခပ်ခွာခွာ တန်းစီသည့်တိုင်) ပိတ်ပင်ခံကြရ။ ပြည်တွင်းထွက်ကြက်ဥကအစ မတန်တဆဈေးတက်တော့လည်း  ဒါသဘာဝပဲ တစ်ကမ္ဘာလုံးဈေးတက်နေတာဟု မင်းအောင်လှိုင်ရေရွတ်ပြ။ ယခုနောက်ဆုံးပေါ်ဟာသကတော့ သစ်ဥသစ်ဖုများဖြင့် ကိုဗစ်ကာကွယ်ဆေးဖော်ရန် မင်းအောင်လှိုင်တိုက်တွန်းလိုက်ခြင်းပင်ဖြစ်သည်။

ထို့ပြင် ကိုဗစ်တတိယလှိုင်းကို အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်ပြီဟု မင်းအောင်လှိုင်ပြော ကြားလိုက်ခြင်းက ၎င်း၏အရူးတစ်ပိုင်း ဘဝင်ရိုင်းစိတ်ကို ဖော်ပြနေပေသည်။ မည်သို့ပင်ဆိုစေ မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်၊ စစ်ကောင်စီဥက္ကဋ္ဌလည်းဖြစ်သဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်သလို သူ့ကိုယ်သူဝန်ကြီးချုပ်ဟုလည်းဆိုပြန်သဖြင့် ဦးမင်းအောင်လှိုင်လည်း ဖြစ်နေပြန်သည်။ ပြောရလျှင် မင်းအောင်လှိုင်သည် ဘဝင်မြင့်ချင်စရာကောင်းလောက်အောင် ရာထူးရာခံပေါများ ပြီးယင်းသည် ဒေါ်အောင်ဆန်းစုကြည်ကိုသာမက များစွာသော နိုင်ငံတကာခေါင်းဆောင်တို့ကိုပါ ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။

ကျပ်မပြည့်သူတို့သည် ထိုသို့ အမြီးရှည်ရှည်ဖြင့် ဂုဏ်မက်ကြကုန်၏။

ကိုးကား-ဗိုလ်နေဝင်းဇာတ်လမ်းရှုပ်သမျှ(ကြေးမုံဦးသောင်း)

လင်းခေတ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up