စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း မုံရွာဘက်ကနေ၊ ရေဦးဘက်ကို စစ်အင်အားအပြည့်နဲ့ တက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်း ၅ စီးကို ပြောက်ကျားအဖွဲ့တခုက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၇ ရက်နေ့ ည ၈ နာရီအချိန်လောက်မှာ စိုင်ပြင်ရွာနဲ့ ကြည်ရွာကြားက ဘုရားထွက်ကျေးရွာအနီး မုံရွာ၊ ရေဦးလမ်းမပေါ်မှာ မိုင်ခွဲတိုက်ခံခဲ့ရတာလို့ တိုက်ပွဲဖြစ်ပွားရာအနီးက ပြည်သူတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်သူတစ်ဦးက “အသံတွေကတော့ ပထမ မိုးခြိမ်းတာလို့ မှတ်လိုက်တာ။ နောက်ပိုင်းတော့ စစ်ကောင်စီတပ်ရဲ့ ကား ၅ စီးကို ပြောက်ကျားအဖွဲ့ကနေ မိုင်းထောင်ပြီး တိုက်တာလို့ သိရတယ်။ စစ်ကောင်စီ ကားနှစ်စီးတော့ မိုင်းမိတယ်ဗျ။ ထိထိရောက်ရောက်ကိုမိတာ။ ကျနော်တို့လည်း ကြောက်တာနဲ့ ဘေးလွတ်ရာကို ပုန်းနေရတာ။
မိုင်းခွဲတိုက်ခိုက်တာ ဘယ်ပြောက်ကျားအဖွဲ့လဲဆိုတာတော့ မသိရကြောင်း၊ နှစ်ဖက်အကျဆုံးကတော့ ညအချိန်ဖြစ်နေတာကြောင့် မသိရသေးဘဲ စစ်ကောင်စီတပ်ကတော့ အကျအဆုံး ရှိမှာ သေချာတယ်လို့ ဆိုပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် အနီးဝန်းကျင်ကို စစ်ကောင်စီဘက်က လက်နက်ကြီး/ငယ်တွေ အသုံးပြုပြီး အကြိမ်ရေ အမြောက်အမြားပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ အမည်မဖော်သူ မျက်မြင်က ပြောပါတယ်။