
ကရင်ပြည်နယ် တောတွင်းတနေရာမှာရှိနေတဲ့ အာဏာရှင်တော်လှန်ရေးပြည်သူ့ တပ်မတော် (DRPA)ရဲ့ ယာယီစစ်စခန်း တစ်ခုနားကို ဩဂုတ်လ ၄ ရက်နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်ရင်း တစ်ခု တောနင်းလာစဉ် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြား ရှိခဲ့တယ်လို့ သိရပြီး DRPA ဘက်က ရဲဘော် ၂ ဦး ဒဏ်ရာရခဲ့ပေမဲ့ မပြင်းထန်ဘူးလို့ သိရပါတယ်။
စစ်ကောင်စီဘက်က M-16 အကြီး ၇လက်၊ ပစ္စတို ၂ လက် ရရှိခဲ့တယ်လို့လည်း DRPA ဘက်က ဆိုထားပါတယ်။
"စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုအောက်က လူထုဟာ စီးပွားရေး အကြပ်အတည်းရှိနေချိန် ဖြစ်လို့ အာဏာရှင်ကိုတော်လှန်နေတဲ့ လူငယ်တွေအသီးသီးဖွဲ့ထားတဲ့ pdf တွေ အဖွဲ့ငယ်တွေ ဟာ တိုက်ပွဲတွေ ဆင်နွှဲရာမှာ တူမီး၊ လက်ပစ်ဗုံးလောက်နဲ့ တိုက်နေကြရတာပါ။ ဖြစ်စေချင်တာက NUG ကနေ အဲဒီအဖွဲ့ငယ်တွေကို support ပေးစေချင်တယ်။ အခုအချိန်မှာ အဖွဲ့တိုင်းဟာ စားနပ်ရိက္ခာ ဘတ်ဂျက်လိုအပ်ချက်အပြင် လက်နက်ဝယ်ဖို့ ငွေကြေး အခက်အခဲ ရှိနေ ကြတယ်”DRPA ရဲ့ ဒု စစ်ဦးစီးချုပ် က ပြောပါတယ်။
ဆက်လက်ပြီး ဒုစစ်ဦးစီးချုပ်က “NUG က ပြည်သူတွေဆီက ရထားတဲ့ အလှူငွေတွေကို တကယ်တိုက်ပွဲဝင်နေတဲ့အဖွဲ့တွေကို ပြန်ထောက်ပံ့ပေးစေချင်တယ်။ မဟုတ်ရင် အဖွဲ့ငယ်တွေ မကြာခင်မှာ ပြိုလဲသွားကြလိမ့်မယ်။ NUG အောက်က pdf ဖြစ်စေ သီးခြားအဖွဲ့ဖြစ်စေ အားလုံးစည်းလုံးမယ်ဆို အောင်မြင် မှာပါ'' လို့ ဆိုပါတယ်။
DRPA အနေနဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ တိုက်ပွဲကြီး ၂ ပွဲ၊ တိုက်ပွဲငယ် ၃ ပွဲ ဆင်နွှဲခဲ့ပြီး မြို့ပေါ်ဖောက်ခွဲမှု အနီးကပ်ပစ်ခတ်မှု အများအပြားကို လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။
ဒလန်၊ စစ်အုပ်ချုပ်ရေးမှူး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၂၀၀ ကျော်အထိ သုတ်သင်ထား ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။