
ရွေးကောက်ပွဲသစ်ကျင်းပမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ကတိပြု ပြောကြားလိုက်တဲ့အပေါ်မှာ ကြိုဆိုတဲ့အကြောင်း ၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့ကြတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအဝင် မဟာမိတ် ၂၈ ပါတီက ဩဂုတ် ၄ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။
စစ်ကောင်စီဟာ လာမယ့် ၂၀၂၃ ခုနှစ် ဩဂုတ်လ အထိ နိုင်ငံတော်အာဏာဆက်လက်ယူထားပြီး ရွေးကောက်ပွဲသစ်ကျင်းပပေးမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်း ၆ လပြည့် ဩဂုတ် ၁ ရက်မှာနေ့ မိန့်ခွန်းမှာ ထည့်သွင်း ကတိပြုပြောကြားခဲ့တာပါ။
ဒါနဲ့ ပတ်သက်ပြီးကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်ပါတီတွေက စစ်မှန်၍ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် လွတ်လပ်၍ တရားမျှသော ရွေးကောက်ပွဲ မဖြစ်မနေလုပ်မယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ် ကာလပြဋ္ဌာန်းချက်နဲ့ အညီ ဆောင်ရွက်မယ်ဆိုတဲ့ စစ်ကောင်စီခေါင်းဆောင်ရဲ့ ကတိပြုချက်ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုတယ်လို့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရပ်ရွာအေးချမ်းသာယာရေးနဲ့ တည်ငြိမ်အေးချမ်းရေးတည်ဆောက်ရာမှာ စစ်ကောင်စီကို ပူးပေါင်းကူညီမှာဖြစ်သလို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ ပူးပေါင်းကူညီဆောင်ရွက်နေတယ်လို့ လည်းဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ဝင်ကြီးဌာနတချို့ကို စစ်ကောင်စီက ပြင်ဆင်ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီးလည်း ၂၈ ပါတီက ကြိုဆိုကြောင်းနဲ့ စိုက်ပျိုးရေးကို အခြေခံတဲ့ စက်မှုစီးပွားရေးကို အားပေးကူညီမယ့် စစ်ကောင်စီရဲ့ မူဝါဒါဟာ လက်တွေ့ကျတဲ့အတွက် ထိရောက်စွာ အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါအပြင် ဇူလိုင် ၂၉ ရက်က ဗြိတိန်နိုင်ငံက ကမကထပြုဆောင်ရွက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်ဆွေးနွေး ပြောကြားခဲ့တာတွေကို ၂၈ ပါတီက ကန့်ကွက်ရှုတ်ချထားပါတယ်။
ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်ပါတီတွေဟာ ၂၀၂၀ နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့ကြပြီးနောက် စစ်တပ်အာဏာသိမ်း၊ ရွေးကောက်ပွဲ ရလဒ်ဖျက်သိမ်းဖို့နဲ့ အန်အယ်လ်ဒီပါတတီကို ဖျက်သိမ်းပစ်ဖို့ အကြံပြုတိုက်တွန်းနေကြတဲ့ ပါတီတွေဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို စစ်တပ်ကပယ်ဖျက်လိုက်တဲ့ အပေါ် တိုင်းရင်းသားနိုင်ငံရေးပါတီတွေက လက်မခံကြောင်းပြောကြားထားသလို ရွေးကောက်ပွဲ သစ်ကျင်းပမယ့်အပေါ် အယုံအကြည်မရှိကြောင်း ပြောကြားထားကြပါတယ်။
Photo- USDP