ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်ရပ်ကွက်တချို့မှာ ဩဂုတ် ၄ရက် ည ၉နာရီ ဝန်းကျင်က စပြီး ဗုံး၊ လက်နက်ကြီး၊ လက်နက်ငယ် အသံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလို ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့ နောင်ယားက ရပ်ကွက်က နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သလို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လူထိ ခိုက်ခဲ့တယ်လို့ နောင်ယားက ပြည်သူ တစ်ဦးက ပြောပါတယ်။
“ရပ်ကွက်ထဲကို လက်နက်ကြီးနဲ့ အရမ်းပစ်ထည့်နေတာ။ ဘေးအိမ်က ခလေးမ အစမှန်လို့ ဒဏ်ရာရထားတယ်။ သူ့အိမ် ပျက်စီးခဲ့ကြောင်းလည်း သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးထားတယ်။ ယုတ်မာချက်ကတော့ ကမ်းကုန်သွားပြီ။ လူနေရပ်ကွက်ထဲကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်တယ်လို့ပဲ ပြောချင်တယ်။ သွပ်ပြားနဲ့ မျက်နှာကျက်က ထူလို့ လူကို အထိအခိုက်နည်းသွားတာ”လို့ သူက ဆိုပါတယ်။
သြဂုတ် ၄ ရက်မွန်းလွဲပိုင်းကလည်း ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ခူးရဦတောင်နဲ့ ဘီသူအထက်ကျေးရွာကြား အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် KA၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်နဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၃ ဦးကျဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။