ဒီမိုကရေစီ ကာကွယ်သူနဲ့ ဖျက်ဆီးသူ

ဗိုလ်မှူးချုပ်ဟောင်းမောင်မောင်ရေးတဲ့ ‘အိမ်စောင့်အစိုးရ’ စာအုပ်ဖတ်ကြည့်လိုက်ရင် မသိသေးတဲ့ အချက်အလက်တွေ ပိုသိလိုက်ရပေမဲ့၊   ၁၉၅၈ တပ်မတော်အာဏာသိမ်းဖို့ သူတို့အုပ်စု ဝန်ကြီးချုပ်ဦးနုကို အကျပ်ကိုင်ခဲ့တာကို ကာကွယ်ထားတာက အဓိကပါပဲ။ ဦးနုအစိုးရအောက် နိုင်ငံက ရစရာမရှိအောင်ဖြစ်နေပုံ၊ ဦးနု အုပ်ချုပ်ရေးညံ့ဖျင်းပုံ၊ ဘာသာရေးခုတုံးလုပ်ပုံ၊ ဘဝမြင့်လာပုံ၊ အာဏာရှင်ဆန်ပြီး ဆုံးဖြတ်ချက်တွေ တစ်ဦးထဲချပုံ၊ အုပ်စုဖွဲ့ပုံ၊ ပြည်တော်သာစီမံကိန်းကို နိုင်ငံခြားကုမ္ပဏီ အမြတ်ထုတ်သွားပုံ စတာတွေကြောင့် အာဏာသိမ်းရယူခဲ့တယ်။  ဦးနုသာ အရာအားလုံးအတွက် အဓိက တရားခံ။ ဦးနုနဲ့ ဗိုလ်မှူးချုပ်မောင်မောင်တို့နဲ့ ညှိနှိုင်းပြီး အိမ်စောင့်အစိုးရအာဏာယူခဲ့တာကို သူ့ဆရာဗိုလ်နေဝင်းက အပြီးအပြတ် အာဏာသိမ်းဖို့ထိ တစ်ခါထဲမလုပ်ခဲ့လို့ မကျေနပ်ဘဲ သူ့ကို ဆူတာလည်းပါတယ်။ စာအုပ်တစ်အုပ်လုံး  ဗိုလ်မှူးချုပ်မောင်မောင်က သူသာ အမှန်ဆုံး အတော်ဆုံးဖြစ်အောင် ပါးပါးနပ်နပ်ဖော်ပြထားပြီး၊ ကျန်သူ ဘယ်သူမှ မကောင်းဘူးဆိုတာကို အများမသိသေးတဲ့ အချက်အလက်တွေဖော်ပြီး ရေးထားတာပါပဲ။

ဦးနုအကြောင်း မကောင်းရေးရာမှာ ကွက်ကွက်ကွင်းကွင်းအရှိဆုံး လူသိအများဆုံး နောက်စာအုပ်တစ်အုပ်က ဂါဒီးယန်းဦးစိန်ဝင်း ရေးတဲ့ ‘အကွဲအပြဲဇာတ်လမ်း’ ပါ။ ဦးနုက ရာဇပလ္လင်ဖင်ကပ်ပါလာသူ၊ နိုင်ငံရေးအာဏာ အချောင်ရသူ၊ ‘မျက်မှောက်နိုင်ငံရေးသမိုင်းတွင် သူရဲကောင်းအဖြစ်လည်းကောင်း၊ လူဆိုးအဖြစ်လည်းကောင်း အရေးပါသောကဏ္ဍများမှ ပါဝင်ခဲ့သည့်ပုဂ္ဂိုလ်’ လို့  ဦးစိန်ဝင်းက ရေးထားပါတယ်။ ဦးနုရဲ့ အားနည်းချက်တွေ ရေးထားတဲ့ လက်ဝဲလက်ယာ တခြားစာအုပ်တွေ ဆောင်းပါးတွေလည်း အများကြီးပါပဲ။

တကယ်က ၁၉၅၈၊ ၁၉၆၂ အာဏာသိမ်းမှုနှစ်ခုစလုံးဟာ ဦးနုရဲ့သန့်ရှင်းပါတီကို တပ်မတော်ထောက်ခံတဲ့ တည်မြဲပါတီက ဝက်ဝက်ကွဲရှုံးခဲ့မှုရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေဆိုတာ ငြင်းမရတဲ့အချက်ပါ။ တပ်မတော်နဲ့ တည်မြဲပါတီဝင်တွေက ရွေးကောက်ပွဲတွေမှာ ဦးနုက ဘာသာရေးဗန်းပြပြီး ညစ်ပတ်အနိုင်ယူတယ်၊ ၄၇ အခြေခံဥပဒေအကြောင်းပြု လူမျိုးစုလွတ်လပ်ခွင့်ပေးလွန်းတယ်၊ ပုဂ္ဂိုလ်ရေးဆန်တယ် စသဖြင့် စွပ်စွဲတယ်။ ဦးနုရဲ့ အဓိကပြဿနာကလည်း အာသောကမင်းတို့ မင်းတုန်းမင်းတို့လို ဗုဒ္ဓသာသနာပြုမင်းဖြစ်ချင်တဲ့ ရောဂါ။ တခြားဘာသာတွေအပေါ် ဖိနှိပ်မှုမရှိ အားပေးသင့်သလောက် အားပေးမယ်၊ ကိုယ့်ဘာသာကိုတော့ နိုင်ငံတော်ဘာသာဖြစ်အောင် အကြီးအကျယ်  လုပ်ချင်တယ်၊ မြန်မာဗုဒ္ဓဘာသာဝင်အများစုလည်း ကြိုက်တယ် မဲလည်းရမယ်။

ဘယ်လိုဖြစ်ဖြစ် ဒီကနေ့မျက်စိနဲ့ပြန်ကြည့်ရင် ဦးနုဟာ  နိုင်ငံတကာမှာ လက်ရှိ ဒီမိုကရေစီဖျက်ဆီးနေကြတဲ့ ပေါ်ပြူလစ်ဝါဒီတွေလောက်တောင် မဆိုးသွမ်းခဲ့တာ တွေ့နိုင်ပါတယ်။ ပေါ်ပြူလစ်ဝါဒီတွေဟာ အမျိုးသားရေး ရှေ့တင် အာဝဇ္ဇန်းကောင်းကောင်းဟောပြောပြီး ရွေးကောက်ပွဲမှာ အနိုင်ရလာတယ်။ အစိုးရဖြစ်လာတဲ့အခါ လူမျိုးရေးခွဲခြားမှု၊ လူမျိုးပေါင်းစုံအတူယှဉ်တွဲနေထိုင်မှုကို မလိုလားမှု၊ အတိုက်အခံတွေကို ဖိနှိပ်သတ်ဖြတ်မှု၊ သတင်းစာလွတ်လပ်ခွင့်ဖျက်ဆီးမှု၊ အမျိုးသမီးတွေအပေါ် ချိုးနှိမ်မှု စတာတွေ ချက်ချင်းလုပ်လာတယ်။ နိုင်ငံမှာ ရရှိပြီးသား ဒီမိုကရေစီတန်ဖိုးတွေ တခဏချင်း ဖျက်ဆီးပစ်တယ်။ ကမ္ဘာ့ဒီမိုကရေစီဦးဆောင်နိုင်ငံဖြစ်တဲ့ အမေရိကက သမ္မတထရမ့်ဟာ လေးနှစ်အတွင်း သူ့နိုင်ငံရဲ့ဒီမိုကရေစီပုံရိပ်ကို အများကြီး ဖျက်ဆီးပစ်ခဲ့တယ်။ သူ့လိုပဲ ဘရာဇီး၊ မက္ကစီကို၊ ဗင်နီဇွဲလား၊ ပိုလန်၊ ဟန်ဂေရီ၊ ဘယ်လ်ဂျီယံ၊ ဂျော်ဂျီယာ၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ တူရကီ၊ ပီရူး၊ အယ်လ်ဆာဗေဒိုး တို့က  ပေါ်ပြူလစ်ခေါင်းဆောင်တွေဟာ ကိုယ့်နိုင်ငံမှာ ရှိထားတဲ့ ဒီမိုကရေစီကို ဖျက်ဆီးဖို့ သောင်းကျန်းနေကြတယ်။  

ပေါ်ပြူလစ်ဝါဒကနေ အဆုံးစွန်ဖြစ်လာရင် လူမျိုးကြီးကိုရှေ့တန်းတင်တဲ့  ဖက်ဆစ်ဝါဒဆီ ရောက်လာပါတယ်။ မူဆိုလီနီနဲ့ ဟစ်တလာတို့ဟာ ပေါ်ပြူလစ်ကနေ တက်လာခဲ့တယ်။ ဝန်ကြီးချုပ်ဦးနုမှာ အားနည်းချက်မျိုးစုံ ရှိပေမဲ့ ပေါ်ပြူလစ်ဝါဒီအဆင့်တောင် မရောက်တာ သေချာပါတယ်။ ဒါ့ထက် သူဟာ ဒီမိုကရေစီကို ဖျက်ဆီးသူထက် ဒီမိုကရေစီကို ကာကွယ်သူလို့ ဆိုရပါမယ်။ ဒီအချက်ကို သူရေးတဲ့ ‘တာတေစနေသား’ မှာ ဒီမိုကရေစီရဲ့အန္တရာယ်သုံးခုနဲ့ ဒီမိုကရေစီသဘောတရား ခုနှစ်ချက် ဆိုပြီး သူ့အမြင်ဖော်ပြထားတာ ကြည့်ရင် တွေ့နိုင်တယ်။ 

အန္တရာယ် ၃ ခုနဲ့ သဘောတရား ၇ ချက်

“….ဒီမိုကရေစီမှာ အန္တရာယ်သုံးခုရှိပါတယ်….

(၁) ရွေးကောက်ပွဲအရှုံးကို လက်မခံလိုတဲ့နိုင်ငံရေးသမားတွေဟာ အကြောင်းအမျိုးမျိုးပြပြီး ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပစ်တတ်တယ်။ ရွေးကောက်ပွဲရွှေ့ဆိုင်းလို့မရရင် သူတို့အနိုင်ရအောင် ညစ်ပတ်နည်းအမျိုးမျိုး သုံးတယ်။ ညစ်ပတ်နည်းတွေက သူတို့ကို မကယ်နိုင်တော့ဘဲ ရွေးကောက်ပွဲရှုံးသွားရင် ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို လက်မခံဘူး။ လက်နက်ကိုင်တပ်တွေကို အလွဲသုံးစားလုပ်ပြီး ဒီလူတွေ အာဏာသိမ်းတယ်။  ဒီလူတွေက ပထမအန္တရာယ်။

(၂) တချို့နိုင်ငံရေးသမားတွေက အရည်အချင်းလည်းမရှိ၊ ကိုယ်ကျင့်တရားလည်းမရှိ။ ပြည်သူလူထု ကြည်ညိုမှု ဘယ်အခါမှ မရခဲ့ဘူး။ နောင်လည်း ရဖို့အကြောင်းမရှိဘူး။ အဲဒီနိုင်ငံရေးသမားတွေဟာ ဒီမိုကရေစီကို ပုတ်ခတ်မယ်။ ဒီမိုကရေစီအရ ကျင်းပပေးတဲ့ရွေးကောက်ပွဲစနစ်ကို ရှုတ်ချမယ်။ သူတို့ကို ထောက်ခံတဲ့ နိုင်ငံခြားအစိုးရတွေဆီက အာဏာသိမ်းဖို့ အကူညီတောင်းပြီး သူပုန်ထမယ်။ ဒီလူတွေက ဒုတိယအန္တရာယ်။

(၃) တချို့စစ်ဗိုလ်တွေက နိုင်ငံရေးသမားတွေကို အားကျပြီး အာဏာလိုချင်ကြပြန်တယ်။ သူတို့လက်ထဲ လက်နက်အပြည့်အစုံရှိတာကြောင့် ဒီစစ်ဗိုလ်တွေအတွက် အာဏာသိမ်းရတာဟာ ရွေးကောက်ပွဲနဲ့ အာဏာယူရတာထက် ပိုလွယ်နေတယ်။ ဒါက တတိယအန္တရာယ်။

လွတ်လပ်ပြီးစ ဒီမိုကရေစီအမြစ်မတွယ်သေးတဲ့နိုင်ငံတွေမှာ လူထုရော ခေါင်းဆောင်ပါ ဒီမိုကရေစီရဲ့တန်ဖိုးကို အသေချာ သဘောမပေါက်သေးဘူး။ ဒီမိုကရေစီမရှိရင် ပြည်သူလူထုဟာ ဘယ်လောက် ဒုက္ခရောက်မယ်ဆိုတာလည်း သူတို့ ကောင်းကောင်း မတွေးတတ်သေးဘူး။ စစ်တပ်ဆိုတာ နိုင်ငံရေးထဲ မပါရဘူးဆိုတဲ့ ထုံးတမ်းစဉ်လာ အဲဒီနိုင်ငံတွေမှာ အမြစ်မတွယ်သေးဘူး။ 

ဦးနုအနေနဲ့ သူအမြဲတမ်းဟောပြောလေ့ရှိတဲ့ ဒီမိုကရေစီသဘောတရား အချက် ၇ ချက်က 

(၁) နိုင်ငံတစ်နိုင်ငံဟာ လူတစ်စုပိုင်မဟုတ်ဘူး။ နိုင်ငံသူနိုင်ငံသားအားလုံး စုပေါင်းပြီးပိုင်တဲ့ အားလုံးပိုင်ပစ္စည်း ဖြစ်တယ်။

(၂) ဒီလိုပိုင်တာကြောင့် နိုင်ငံသူနိုင်ငံသားလူများစုက ကြည်ကြည်ဖြူဖြူ ရွေးကောက်တင်မြှောက်ခြင်းကို ခံရတဲ့ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့ကသာလျှင် ဒီတိုင်းပြည်ကို အုပ်ချုပ်ခွင့်ရှိတယ်။

(၃) အုပ်ချုပ်တဲ့အခါ ရမ်းအုပ်ချုပ်လို့မရဘူး၊ ပြည်သူလူထုက ကြည်ကြည်ဖြူဖြူ ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်တွေက ရေးဆွဲပြီး အတည်ပြုပြဋ္ဌာန်းထားတဲ့ ဥပဒေအရသာ အုပ်ချုပ်ရမယ်။

(၄) ပြည်သူလူထုဟာ ဂုဏ်သိက္ခာရှိတဲ့ လူတွေလို နေနိုင်အောင် လွတ်လပ်စွာဟောပြောခွင့်၊ ကိုးကွယ်ခွင့်၊ စီးပွားရှာခွင့်၊ ဖိနှိပ်ချုပ်ချယ်မှုများကို ဥပဒေအရ တိုက်ဖျက်ပိုင်ခွင့် အစရှိတဲ့ ပြည်သူလူထုတရပ်လုံးရဲ့ မွေးရာပါ မူလအခွင့်အရေးများကို ခိုင်ခိုင်လုံလုံ အာမခံထားတဲ့ဥပဒေတွေ ရှိမယ်။

(၅) အရွယ်ရောက်သူတိုင်း မဲပေးခွင့်ရှိရမယ်။

(၆) ပြည်သူလူထုအများစုရဲ့ ထောက်ခံမှုမရရှိတဲ့အစိုးရအဖွဲ့ဟာ အလိုအလျောက် ရာထူးက နုတ်ထွက်ပေးရမယ်။

(၇) အခုပြောခဲ့တဲ့ အဓိကအချက်တွေကို လက်ခံနိုင်တဲ့သဘောတရားဟာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း ဆိုတဲ့ လောကပါလတရားတွေကို အခြေခံထားတဲ့သဘောတရားဖြစ်တယ်။ ဒီသဘောတရားကို ဒီမိုကရေစီလို့ ခေါ်တယ်။ ဒီမိုကရေစီမရှိတဲ့နိုင်ငံတွေမှာ လူဖြစ်ရတာ ဂွေးသင်းထားခံရတဲ့ နွားဖြစ်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီမိုကရေစီကို ဖျက်ဆီးသူမှန်သမျှကို မုချ ခံချကြရမယ်။

ဦးနုဟာ ဒီ ၇ ချက်ကို နေရာတိုင်း အထပ်ထပ်ဟောပြောရုံမက၊ ဒီ ၇ ချက်ကို စာရွက်စာတမ်းတွေ ရိုက်ဝေတယ်၊ ပြဇာတ်ရေးတယ်၊ ကျောင်းသုံးစာအုပ်ထဲ ထည့်ခိုင်းတယ်။ 

၁၉၅၄ ခုနှစ်လောက် မေမြို့စစ်တက္ကသိုလ်ဖွင့်ပွဲမှာ ဦးနုက ကြေညာဖူးတယ်။ မက်စ်ဝါဒသမားတွေက ကမ္ဘာကြီးမှာ နောက်ဆုံးတိုက်ပွဲဟာ ဓနရှင်နဲ့ ပစ္စည်းမဲ့တို့ရဲ့ တိုက်ပွဲဖြစ်ရမယ်၊ အဲဒီတိုက်ပွဲမှာ ပစ္စည်းမဲ့လူတန်းစားတွေက နိုင်ရမယ်လို့ ဟောကိန်းထုတ်ကြတယ်။ ဒါဟာ မမှန်ဘူး။ ဒီကမ္ဘာကြီးမှာ နောက်ဆုံးတိုက်ပွဲဟာ ဒီမိုကရေစီကိုချစ်မြတ်နိုးတဲ့ ပြည်သူလူထုနဲ့ ပြည်သူလူထုကို ဂွေးသင်းထားပြီး နွားတွေလိုဖြစ်အောင် ဖိနှိပ်ချုပ်ချယ်ထားတဲ့ အာဏာရှင်တွေ တိုက်ကြတဲ့ တိုက်ပွဲပဲဖြစ်မယ်။ အဲဒီနောက်ဆုံးတိုက်ပွဲမှာ ဒီမိုကရေစီကိုချစ်မြတ်နိုးတဲ့ ပြည်သူလူထုက ဧကန်မလွဲ အောင်ပွဲခံရမယ်လို့ ဝန်ကြီးချုပ်ဦးနုက အတိအလင်း အပြင်းအထန် ကြုံးဝါးဖူးတယ်။ 

ဦးနုဟာ ပြည်သူလူထုဆီက အလှူခံပြီး ဒီမိုကရေစီသဘောတရား ဖြန့်ချိရေးအသင်းကို ထူထောင်ပေးခဲ့တယ်။ ၁၉၅၈ အာဏာသိမ်းခံရတဲ့အခါ ဒီအသင်းပျက်သွားတယ်….”

အထက်ပါအတိုင်း ဦးနုက သူလက်ခံထားတဲ့ လုပ်ခဲ့တဲ့ ဒီမိုကရေစီအမြင်တွေကို ဖော်ပြထားတယ်။ သူပြောတဲ့ ဒီမိုကရေစီမရှိတဲ့နိုင်ငံတွေမှာ လူဖြစ်ရတာ ဂွေးသင်းထားခံရတဲ့နွားနဲ့တူတယ် ဆိုတာထက်ကို ဒီကနေ့လူထုဟာ ပိုဒုက္ခကြုံရပါတယ်။ ဒီမိုကရေစီဖျက်ဆီးသူမှန်သမျှကို ခံချကြရမယ်၊ ဒီကမ္ဘာကြီးရဲ့ နောက်ဆုံးတိုက်ပွဲဟာ ဓနရှင်နဲ့ ပစ္စည်းမဲ့တို့ကြားက တိုက်ပွဲမဟုတ်ဘဲ ဒီမိုကရေစီကိုချစ်မြတ်နိုးတဲ့ ပြည်သူလူထုနဲ့ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ထားတဲ့ အာဏာရှင်တွေ တိုက်ကြတဲ့ တိုက်ပွဲပဲဖြစ်မယ် ဆိုတာကလည်း အတော့်ကို ရှေ့ပြေးတဲ့ အယူအဆပါပဲ။

ဒေါ်အောင်ဆန်းစုကြည်

ပြီးခဲ့တဲ့ငါးနှစ်ကာလ NLD အစိုးရအဖွဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးရရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှုများပြားခဲ့သလို၊ မလိုလားသူတွေကလည်း ပေါ်ပေါ်တင်တင် ဝေဖန်တာတွေ နောက်ကွယ်မှ ဝေဖန်ကဲ့ရဲ့တာတွေ ပြည်တွင်းပြည်ပ ပိုများလာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပုဂ္ဂိုလ်ရေး ရှေ့တန်းတင်တယ်၊ တစ်ဦးတည်း ဆုံးဖြတ်တယ်၊ စစ်တပ်ကိုမျက်နှာသာပေးတယ်၊ လူမျိုးစုတွေနဲ့ ဆက်ဆံရေးမကောင်းဘူး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ မအောင်မြင်ဘူး၊ ပါတီအင်စတီကျူးရှင်း အားနည်းတယ်၊ စီးပွားရေးနဲ့ ရင်းနှီးမြှုနှံမှု တက်မလာဘူး စသဖြင့်။ အထူးသဖြင့် လူ့အခွင့်အရေးရှေ့တင်တဲ့ ပြည်ပနိုင်ငံတွေမှာ လူကြိုက်များမှု လျော့ကျသွားပါတယ်။ 

တစ်ဖက်က NLD ရဲ့ပြိုင်ဘက်ဖြစ်တဲ့ တပ်မတော်၊ ကြံ့ခိုင်ရေးပါတီ၊ ဦးသိန်းစိန်အစိုးရ လူဟောင်းများ၊ တခြားပါတီများ စတာတွေကလည်း NLD အစိုးရကို အဆင့်တိုင်းမှာ ဖျက်ဖို့ ကြိုးစားခဲ့တာတွေ တွေ့ရပါမယ်။ ရိုဟင်ဂျာအရေး၊ ရခိုင်အရေး၊ အမျိုးသားရေး၊ မဘသ၊ လူမျိုးစုလက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်မှု စတာတွေပါ။ တပ်မတော်အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံရာထူး ယူတာကို စကတည်းက မလိုလားခဲ့တာပါ။ ဘယ်လိုဖြစ်ဖြစ် NLD အစိုးရဟာ ပြည်သူဆီက အခွန်တိုးမြှင့်ကောက်ခံနိုင်၊ ဘတ်ဂျက်ကိုစိစစ်နိုင်၊ ဗဟိုဘဏ်ပြုပြင်မှုတွေ လုပ်နိုင်၊ အခြေခံအဆောက်အအုံတွေ တိုးမြင့်အောင်လုပ်နိုင်၊ လူတွေကို လွတ်လပ်မှုတွေ ပိုပေးနိုင်ခဲ့တယ်။ နောက်ဆုံး ကိုဗစ်ရောဂါကို အတော်ထိန်းချုပ်နိုင်ပြီး ၂၀၂၀ မှာ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တယ်။

ဦးနုလိုပဲ ဒေါ်အောင်ဆန်းစုကြည်မှာ ဝေဖန်စရာတွေရှိပေမဲ့၊ ဒေါ်စုဟာ အစိုးရဖြစ်လာပြီးနောက် ဒီမိုကရေစီကို ဖျက်ဆီးပစ်တဲ့ ပေါ်ပြူလစ်ဝါဒီမျိုးမဟုတ်တာ သေချာပါတယ်။ ဒီမိုကရေစီကို ကြိုးစားတည်ဆောက်နေသူပါပဲ။ ဒေါ်စုရဲ့ ဒီမိုကရေစီအယူအဆက တရားဥပဒေစိုးမိုးရေး (The Rule of Law) အပေါ် အခြေခံတာ သူပြောတဲ့ မိန့်ခွန်းတွေမှာ တွေ့နိုင်တယ်။ သူပြောနေကျစကားက “ဥပဒေစိုးမိုးမှု တိုင်းပြည်တွင်း ကျယ်ကျယ်ပြန့်ပြန့် ရှိလာပြီလို့ ပြောလာနိုင်တဲ့တစ်နေ့ကျရင် ဒီမိုကရေစီလမ်းစဉ်ဟာလည်း အောင်မြင်ပြီလို့ ပြောလို့ရမှာ ဖြစ်တယ်။ အဲဒီမရောက်သေးသရွေ့တော့ ဒီမိုကရေစီ အောင်မြင်ပြီလို့ ပြောလို့ မရနိုင်သေးပါဘူး..”  

“… နောက်ကြောင်းပြန်မလှည့်တော့ဘူးလို့ ဘယ်တော့မှ ပြောလို့ရမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ လူတိုင်း အသိအမှတ်ပြု ဝန်ခံရမယ့်အချိန်တစ်ချိန်တော့ ရောက်ကို ရောက်လာမှာပါ။ အဲဒါကတော့ ဒီမိုကရေစီလမ်းကို နောက်ကြောင်းပြန်လှည့်တာဟာ ရှေ့ဆက်သွားတာထက် များစွာအကျိုးယုတ်စေတယ်၊ ဆုံးရှုံးစေတယ်လို့ အားလုံး အသိအမှတ်ပြု ဝန်ခံတဲ့အချိန်ပါပဲ…”

ဒီမိုကရက် Z- မျိုးဆက်

ဦးနုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီမိုကရေစီကို ဖက်တွယ်ထားတဲ့ ခေါင်းဆောင်တွေသာ ဖြစ်ပါတယ်။ သို့သော် သူတို့ကို ဝေဖန်စရာက ဖြစ်လာနိုင်တဲ့အာဏာသိမ်းမှုကို ကြိုတင်ပြင်ဆင်ထားနိုင်ခြင်း မရှိတာပါ။ သူတို့နေရာမှာ တခြား ဒီမိုကရေစီလိုလားတဲ့ခေါင်းဆောင် ဆိုရင်လည်း တပ်မတော်အရာရှိတွေရဲ့ အမြဲတမ်း အပေါ်စီးကအုပ်ချုပ်လိုမှု၊ စစ်တပ်ကိုအသုံးချပြီး နိုင်ငံရေးနဲ့စီးပွားရေးထဲ ဝင်အုပ်စီးလိုမှု၊ အာဏာသိမ်းလိုမှုတွေကို ခုခံဖို့ ခက်ခဲမှာပါပဲ။ တပ်မတော်ရဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး အယူအဆကလည်း ၂၀၀၈ အခြေခံဥပဒေအတိုင်း စစ်ဘက်အုပ်ချုပ်မှုအောက်မှာ အရပ်ဘက်ရှိရေးပါပဲ။ ဒီထက်ကျော်လာရင် မရှက်မကြောက် အာဏာသိမ်းတာပါပဲ။ 

ဒီကနေ့ တကမ္ဘာလုံးမှာ ဒီမိုကရေစီကျဆင်းမှုတွေ ကြုံတွေ့နေရပါတယ်။ ဒီမိုကရေစီတန်ဖိုးတွေဖျက်ဆီးနေတဲ့ ပေါ်ပြူလစ်ခေါင်းဆောင်တွေ ပေါ်ထွက်လာသလို၊ စစ်အာဏာသိမ်းမှုတွေလည်း ကြုံနေရပါတယ်။ တရုတ်နဲ့ ရုရှားလို နိုင်ငံတိုင်းကို ချယ်လှယ်လိုတဲ့ စမတ်ကျတဲ့အာဏာရှင်တွေကိုလည်း ရင်ဆိုင်နေရတယ်။ ၂၁ ရာစုရဲ့ စိန်ခေါ်မှုဟာ ဝန်ကြီးချုပ်ဟောင်းဦးနု ကြိုပြောခဲ့တဲ့ ဒီမိုကရေစီကိုချစ်မြတ်နိုးတဲ့ ပြည်သူလူထုတွေနဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ အာဏာရှင်တွေကြားက တိုက်ပွဲ၊ ဒီမိုကရေစီကာကွယ်သူတွေနဲ့ ဒီမိုကရေစီဖျက်ဆီးသူတွေ ကြားက တိုက်ပွဲပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောသလို ဒီမိုကရေစီဆုံးရှုံးတာ အရာအားလုံး ဆုံးရှုံးမှု အကျိုးယုတ်မှု ဖြစ်ပါတယ်။

ဒီမိုကရေစီဆိုရာမှာ အများအသိအမှတ်ပြုထားတဲ့ အခြေခံရွေးကောက်ပွဲရလဒ်နဲ့ အာဏာလွှဲပြောင်းမှုဖြစ်စဉ် ဖျက်ဆီးခံရတာနဲ့ တခြားဒီမိုကရေစီတန်ဖိုးတွေ အကုန်လုံး ပျက်စီးသွားပါတယ်။ လူ့အဖွဲ့အစည်းလည်း ပျက်လုပျက်ဆဲ ဖြစ်သွားတာ ဒီကနေ့ မြန်မာပြည်သူတွေ ဒုတ်ဒုတ်ထိ ကြုံတွေ့နေရပါတယ်။ မြန်မာ့ဒီမိုကရေစီ အဓိက ဖျက်ဆီးသူဟာ ၁၉၅၈၊ ၁၉၆၂၊ ၁၉၈၈၊ ၂၀၂၁ တို့မှာ စစ်အာဏာသိမ်းတဲ့ တပ်မတော်ဆိုတာလည်း အားလုံး မျက်မြင်ပါပဲ။ 

မြန်မာ့ဒီမိုကရေစီကို ရေရှည် ပြန်လည်တည်ဆောက်မယ့် ကာကွယ်မယ့် ခေါင်းဆောင်တွေကလည်း လက်ရှိ စစ်အာဏာရှင်အုပ်စုကို တော်လှန်နေကြတဲ့ လူငယ်မျိုးဆက်တွေပဲ ဖြစ်ပါလိမ့်မယ်။ သူတို့က ဦးနုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ထက် ပိုပြီး ဒီမိုကရေစီကို တန်ဖိုးထားလာလိမ့်မယ်။ လက်ရှိလည်း အသက်ပေးပြီး ကာကွယ်နေကြတယ်။ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်မရှိရင် ဘဝဖြစ်တည်မှု နိုင်ငံဖြစ်တည်မှု လုံးဝကင်းမဲ့သွားတာ ဒီမျိုးဆက်တွေ အသိဆုံးပါပဲ။ တိုက်ပွဲအဆုံးမှာတော့ ဦးနုပြောသလို ဒီမိုကရေစီကိုချစ်မြတ်နိုးတဲ့ ပြည်သူတွေကသာ ဧကန်မလွဲ အောင်ပွဲခံကြပါလိမ့်မယ်။

ရဲမြင့်ကျော်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up