မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝန်ခြုံးကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးတွေက တပ်စွဲနေထိုင်နေကြလို့ ဒေသခံပြည်သူတွေဟာ တောတောင်တွေထဲက စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ရေးနဲ့ စားသောက်ရေးအတွက် အခက်အခဲဖြစ်နေကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“အသက်ကြီးသူတွေ၊ ကလေးတွေပါ စစ်ဘေးရှောင်ကြရတာ။ ရွာမှာ သူတို့က တပ်စွဲထားလို့ ရွာလည်း မပြန်ရဲကြဘူး။ တောထဲမှာပဲ ဖြစ်သလို နေနေကြရတယ်။ မိုးတွင်းဆိုတော့ နေဖို့ကအစ အခက်အခဲရှိတယ်။ အဓိကကတော့ ရိက္ခာပေါ့။ ရိက္ခာကကုန်နေပြီ။ ရွာပြန်ပြီးတော့လည်း သွားမယူရဲကြဘူး။ ကူရာမဲ့နေကြတာပေါ့” လို့ စစ်ဘေးရှောင်ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
ဝန်ခြုံးကျေးရွာအနီးက ပင်တောင်ကျေးရွာက ပျူစောထီးအဖွဲ့ဝင်တွေဟာ စစ်သား ၄ ယောက်ကို အခကြေးငွေနဲ့ ငှားရမ်းထားတယ်လို့လည်း သိရပါတယ်။
စစ်ဘေးရှောင်တွေအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “သူတို့ ပျူစောထီးတွေက စစ်သားရှိတယ်ဆိုပြီး မိုက်နေကြတာ။ ပင်တောင်ရွာမှာ အိမ်ခြေ ၂၀၀ လောက်က တစ်အိမ်ကို ၅၀၀၀ စီစုပြီး စစ်တပ်ဆီကနေ စစ်သား ၄ ယောက် ငှားထားတယ်။ အဲဒီစစ်သား ၄ ယောက်နဲ့ ပျူစောထီး ၂၀ လောက်နဲ့က ဝန်ခြုံးရွာကိုလာပြီး တပ်စွဲထားကြတာ။ ရွာထဲကနေလည်း စစ်ဘေးရှောင်တွေနေတဲ့ တောတောင်တွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်တတ်လို့ ရွာနားကို မကပ်ရဲကြဘူး”လို့ ပြောပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ဝန်ခြုံးကျေးရွာကို ဝင်ရောက်ပြီး နေအိမ် ၃ လုံး မီးရှို့ခဲ့ပြီး နေအိမ် ၅၀ နီးပါးကို ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ တောတောင်တွေထဲကို ထွက်ပြေးပြီး စစ်ဘေးရှောင်နေရတဲ့ ဝန်ခြုံး ဒေသခံ ၁၀၀၀ ကျော်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။