Home
မြန်မာသတင်း
မြန်မာပြည်တွင်း အင်တာနက်ကေဘယ်လိုင်းများပြတ်တောက်၊ မိုဘိုင်းဒေတာဈေးကြီး နှေးကွေးနေ
DVB
·
August 4, 2021

ရန်ကုန်အပါအဝင် မြန်မာပြည်တွင်း မြို့တွေ၊ နယ်တွေမှာ  အခုရက်ပိုင်းအတွင်း အင်တာနက် ဖိုင်ဘာကေဘယ်လိုင်းတွေပြတ်တောက်တာနဲ့  မိုဘိုင်းအင်တာနက် ဒေတာ သုံးစွဲခတွေလည်း အရင်ကထက် ဈေးနှုန်းကြီးမြင့် အင်တာနက်လိုင်း နှေးနွေးကွေးမှုတွေနဲ့ ပြည်သူတွေ ရင်ဆိုင်နေကြရပါတယ်။ 

လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်းကာလမှာ ကုမ္ပဏီလုပ်ငန်းတွေနဲ့ တခြားစီးပွားရေး လုပ်ငန်းတော်များများမှာ ရုံးသွားလုပ်ရမရဘဲ အိမ်တွင်းမှာပဲ အင်တာနက်ကို အမှီပြုအလုပ်လုပ်နေကြရတဲ့အတွက် အင်တာနက်ကို အဓိကထားပြီး အလုပ်လုပ်နေသူတွေ  အခက်ကြုံနေရပါတယ်။

မြို့နယ်တွေအတော်များများမှာ Stay at Home သတ်မှတ်ထားလို့ ပြည်သူတွေဟာ  ဆေးဝါးနဲ့  အစားအစာကအစ အသုံးအဆောင်တွေနဲ့ အောက်ဆီဂျင်အဆုံး အွန်လိုင်းကန ချိတ်ဆက် မှာယူ အသုံးပြုနေကြရတာဖြစ်ပြီး ကျောင်းသူကျောင်းသားတွေလည်း အွန်လိုင်းကနေသာ လေ့လာသင်ယူ နေကြတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅ ရက်လောက်ကစပြီး အင်တာနက် ဖိုင်ဘာလိုင်းတွေ ပြတ်တောက်တာအပြင် တယ်လီဖုန်းဒေတာ သုံးစွဲမှုတွေမှာလည်း အင်တာနက် နှေးကွေးမှုတွေ ဖြစ်ပွားနေတာပါ။

နေ့စဉ် အင်တာနက်ကို အဓိကထားပြီး လုပ်လုပ်နေရတဲ့ ရန်ကုန်နေ ပြည်သူတဦးကတော့  အခုရက်ပိုင်း ဖိုင်ဘာလိုင်း တော်တော်များများ ပြတ်နေပြီး ဘာကြောင့် ပြတ်နေလဲဆိုတာ အင်တာနက်ကုမ္ပဏီတွေက တရားဝင် ထုတ်ပြန်တာတွေ မရှိဘူးလို့ ပြောပါတယ်။

ရန်ကုန်မှာ Myanmar Net ၊ 5 BB  ၊ Hi internet၊ welink ၊  Unilink ၊ Myanmarlink ၊ Yangon Net ၊  Mahar Net ၊  Tiger Net, Fortune Broadband အစရှိတဲ့  ဖိုင်ဘာလိုင်းတွေနဲ့  wifi တွေအပြင် MyTel၊ အော်ရီဒူး၊ တယ်လီနော၊  MPT အစရှိတဲ့ wifi အမျိုးမျိုး တပ်ဆင် သုံးစွဲနေကြတာပါ။

ဒါပေမဲ့ အခု ရက်ပိုင်းတွေမှာ အင်တာနက်လိုင်းပြတ်တောက်တာ၊ နှေးကွေးနေတာတွေကြောင့် အလုပ်လုပ်ရတာ အဆင်မပြေဖြစ်နေရပြီး အင်တာနက်ဒေတာ အသုံးပြုတဲ့အခါမှာလည်း အဆမတန် ဈေးများတဲ့အတွက် အခက်အခဲဖြစ်နေရတယ်လို့ ရန်ကုန်မြို့နေ ပြည်သူ တစ်ဦးက ပြောပါတယ်။

“မိုဘိုင်းဒေတာက တကယ်တမ်း အလုပ်လုပ်တဲ့သူဆို တရက်ကို 3GB လောက် အနည်းဆုံး သုံးရတယ်။ အခုက ဒေတာ သုံးတဲ့လူ အတော်များများ MPT ၊ Ooredoo ၊ Telenor အကုန်လုံးပဲ ပြောကြတယ်။ ဒေတာ ခဏခဏ ဝယ်ထည့်ရတော့ ပိုက်ဆံပိုကုန်တယ်လေ။ အွန်လိုင်းကနေ စာသင်တဲ့သူတွေ၊ အလုပ်လုပ်နေရသူတွေအတွက် ဒီလို နေ့တိုင်း ဒေတာ ဈေးကြီးပေး ဝယ်သုံးရရင် အဆင်မပြေဘူးလေ။ အခုက စားဝတ်နေရေး၊ ကျန်းမာရေး အဘက်ဘက် ပိုက်ဆံရှိရင်တောင် လိုအပ်တာ ဝယ်ဖို့အဆင်မပြေတာ။ ဒီအချိန်က လူတိုင်း ပိုက်ဆံကို တကယ်လိုအပ်တဲ့နေရာမှာပဲ သုံးချင်တာပေါ့။”

ဒီနေ့မနက် Myanmar Net Customer service  ဆက်သွယ်မေးမြန်းကြည့်ရာမှာ ရေအောက် ကေဘယ်ကြိုး ပြတ်တောက်နေကြောင်း၊ ရေစီးသန်ပြီး ရာသီဥတု ဆိုးနေတာကြောင် ပြင်ရတာ ကြန့်ကြာကြောင်းနဲ့ နေ့လယ်လောက် အကုန်ကောင်းအောင် ပြင်ဆင်နေကြောင်း ဖြေဆိုထားပါတယ်။

ဒီလို ပြန်လည်ဖြေဆိုတဲ့ အော်ပရေတာရှိသလို မဖြေဆိုတဲ့ အော်ပရေတာတွေ ရှိတဲ့အတွက် စိတ်ပျက်မိတယ်လို့ ရန်ကုန်က အွန်လိုင်သုံးစွဲသူ လူငယ်တစ်ဦးက ပြောပါတယ်။

“အွန်လိုင်းက အလုပ်လုပ်ရတာ Stable မဖြစ်၊ အင်တာနက်လိုင်းတွေကို ဖိုက်ဘာဖြစ်ဖြစ် ဝိုင်ဖိုင်ဖြစ်ဖြစ် အခကြေးငွေပေးပြီး တာဝန်ယူတာဝန်ခံမှုမရှိတဲ့ ဝန်ဆောင်မှုပဲရတယ်။ သုံးချင်လည်းသုံး မသုံးချင်လည်းနေ ခုဖြစ်နေတာ။  တတိုင်းပြည်လုံးဖြစ်နေတာပဲဆိုတာမျိုးဟာ လက်ရှိအခြေအနေပေါ့။ ဖုန်းက ပုံမှန်တောင် ဆက်လို့မရတာ။ ခုလိုလိုင်းတွေကျနေတယ်။ မရဘူးဗျဆိုလည်း အဖက်ကို မလုပ်တော့တာပဲ။ ”

ရန်ကုန်မြို့မှာ အခုလို အင်တာနက်လိုင်းတွေ ပြတ်တောက်တာတွေ ရင်ဆိုင်နေရသလို ကယားပြည်နယ်မှာလည်း စစ်တပ်ပိုင် MyTel ကသာ လိုင်းကောင်းပြီး ကျန်တဲ့ အော်ပရေတာတွေ လိုင်းမကောင်းဖြစ်နေတယ်လို့ ကယားပြည်နယ်အတွင်းနေသူတဦးက ပြောပါတယ်။

“ကတ်တိုင်း တော်တော်များများ ဈေးတက်တာပေါ့နော်။ အသုံးပြုရတာကတော့ အရင်က ဘေလ် ကျပ် တစ်ထောင်ဆိုရင် 2GB ဝယ်လို့ရတယ်။ အခုက အော်ရီဒူးဆိုရင် ဘေလ် ကျပ် ၁၀၅၀-၁၁၀၀ လောက်မှ 1 GB  ရတယ်ဆိုတော့လေ။ ဖုန်းဘေလ်က တခါထည့်မှ ၁၀၀၀ ထည့်နိုင်တာဆိုတော့ ကိုးလိုကန့်လန့်ဖြစ်တယ်။ အဲဒီတော့ ၈၀၀ တန်တွေပဲ ဝယ်သုံးနေရတယ်။ ပြီးတော့ အဆင်ပြေလားဆိုတော့ တခြားကတ်တွေက  အဆင်မပြေဘူး။ MyTel  ကတ်တခုပဲ လိုင်းကောင်းတယ်။ တခြားကတ်တွေ သုံးရတာ လိုင်း အဲလောက်အဆင်မပြေဘူး။ အဲလိုမျိုးတော့ ကြုံရတယ်။ ”

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှာလည်း စစ်တပ်ပိုင်  Mytel ဖုန်းလိုင်းကလွဲပြီး ကျန်တဲ့ ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးလိုင်းတွေ အကုန်ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်တပ်ပိုင် MyTel ကို အသုံးမပြုဘဲ သပိတ်မှောက်ဖို့  လှုံ့ဆော်မှုတွေ ရှိနေပေမဲ့  အခု ဇူလိုင်လ လယ်လောက်ကစပြီး MyTel ကလွဲရင် ကျန်တဲ့ ဆင်းကတ်တွေ၊ အင်တာနက်လိုင်းမကောင်းမှုနဲ့ ရင်ဆိုင်ရတဲ့အတွက် ဒါပဲ ဆက်လက်အသုံးပြုနေကြရကြောင်းလည်း ပြောပါတယ်။  

မိုဘိုင်းဖုန်းသုံးစွဲသူအများစုကတော့ စစ်တပ်ပိုင်   MyTel ကို အသုံးမပြုဘဲ သပိတ်မှောက်ထားကြသလို  လုံခြုံရေး စိတ်မချရလို့ မသုံးစွဲကြသူတွေလည်း ရှိပါတယ်။

နော်ဝေဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီကြီး တယ်လီနောဟာလည်း မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့လုပ်ငန်းငွေတွေကို  မြန်မာစစ်တပ်နဲ့ဆက်နွှယ်နေတဲ့  MI Group ထံ အမေရိကန်ဒေါ်လာ ၁၀၅ သန်းနဲ့ ရေ ရောင်းချထားပါတယ်။

ဒီလိုရောင်းချလိုက်တဲ့အတွက် တယ်လီနောသုံးစွဲသူ ၁၆ သန်းတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ အကြမ်းဖက်စစ်တပ်ထံ ရောက်သွားမှာကို ပြည်သူတွေက စိုးရိမ်နေကြပြီး ကျင့်ဝတ်ဖောက်ဖျက်ပြီး ခုလိုရောင်းချတာကို ပယ်ဖျက်ပေးဖို့ တယ်လီနောကုမ္ပဏီနဲ့ နော်ဝေအစိုးရထံ မြန်မာအရပ်အဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024