မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ဗလီကွင်းရွာက ပျူစောထီးအဖွဲ့ခေါင်းဆောင်လို့ လူသိများတဲ့ အသက် ၃၅ နှစ်အရွယ် ကိုမျိုးခိုင်ဟာ တပည့်ဖြစ်သူနဲ့အတူ သြဂုတ် ၃ ရက် မနက်ပိုင်းက ရွာပြင်ထွက်စဥ် သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။
မနက် ၁၁ နာရီဝန်းကျင်မှာ သေမင်းမှတ်တမ်းအဖွဲ့က သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်သတ်ခဲ့တာဖြစ်ပြီး ကိုမျိုးခိုင်ရဲ့ တပည့်ဖြစ်သူကတော့ လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
သေမင်းမှတ်တမ်းအဖွဲ့ (ကျောက်ဆည်ခရိုင်ဒန်ရှင်းလင်းရေးအဖွဲ့) ခေါင်းဆောင်က “ရွာကို စစ်ကား နှစ်စီးသုံးစီးလောက်က နေ့တိုင်းလိုလိုဝင်တယ်။ အရင်ကဆို ရွာက လူတွေကို ကြက်ပေး ဝက်ပေး ဆန်ပေးခိုင်းတယ်။ မပေးရင် ဖမ်းမယ်လို့ ခြိမ်းခြောက်တယ်။ ရွာဥက္ကဋ္ဌ ဦးဖိုးကဲနဲ့ ကိုမျိုးခိုင်က ရိက္ခာထောက်ပံ့နေတော့ မတောင်းတော့ဘူး။ သူတို့ခေါ်ရင် စစ်တပ်က အမြဲလာတယ်။ သူတို့အစောင့်အရှောက်ပုံစံမျိုး ထားတယ်။ သူတို့ ဒလန်လုပ်လို့ ရွာက ကလေးတွေ ပြေးနေရတယ်။ လက်နက်ရှိတယ်၊ စစ်တပ်နောက်ခံရှိတယ်ဆိုပြီး ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေကို လိုက်စိန်ခေါ်တယ်။ သူတို့ဘက်က ရန်စတယ်” လို့ ပြောပါတယ်။
ကိုမျိုးခိုင်ဟာ လူ ၂၀ ကျော်ရှိတဲ့ ဗလီကွင်းပျူစောထီးအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ကာ ဒလန်လုပ်ပြီး ရွာကို အကြိမ်ကြိမ်ဒုက္ခပေးရုံမက ရွာကိုဝင်တဲ့ စစ်သားတွေကိုလည်း ရိက္ခာထောက်ပံ့ပေးတယ်လို့ ရွာခံတွေက ပြောပါတယ်။
ဗလီကွင်းရွာမှာ ပျူစောထီးအဖွဲ့ခေါင်းဆောင်နှစ်ယောက်အထိ အသတ်ခံထားရပြီး ဖြစ်ပါတယ်။
ကျောက်ဆည်ခရိုင် ဒလန်ရှင်းလင်းရေးအဖွဲ့(သေမင်းမှတ်တမ်းအဖွဲ့)ဟာ ဒလန်ရှင်းလင်းရေး သီးသန့်လုပ်ဆောင်နေတာဖြစ်ပြီး ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KDDF နဲ့ တခြားသော အဖွဲ့တွေကို ပံ့ပိုးပေးဖို့ အစီအစဥ်တွေရှိတယ်လို့ သိရပါတယ်။