Home
ဆောင်းပါး
စစ်ကောင်စီကို ပြည်သူလူထုက ဘာကြောင့် ကျောခိုင်းပစ်ပယ်လိုက်သလဲ
DVB
·
August 3, 2021

အရှေ့တောင်အာရှဒေသ အာဆီယံ ၁၀ နိုင်ငံရှိတဲ့အနက် လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးကို အများဆုံးခံနေရတဲ့ နိုင်ငံကို ပြောပါဆိုရင် မြန်မာနိုင်ငံဖြစ်ကြောင်း တကမ္ဘာလုံးက သိနေမြင်နေကြပါတယ်။ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes against Humanity) အပါအဝင် ပြည်သူ့ပစ္စည်းဥစ္စာများကို လုယက်မှု၊ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှု၊ ရပ်ရွာများကိုမီးရှို့ဖျက်ဆီးမှု၊ မုဒိန်းမှု စတဲ့ အမှုပေါင်းစုံကို ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်တပ်ကတော့ သူ့လုပ်ရပ်တွေကို အကုသိုလ်တွေဖြစ်မှန်းသိလျှက်နဲ့ ဂရုမစိုက်တော့ဘဲ မိုက်မိုက်မဲမဲ ဆက်လက်ကျူးလွန်နေတာတွေ့ရတယ်။  မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ပေါ်ပေါက်နေတာကြောင့် အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂက အဆက်မပြတ် တောင်းဆိုနေပေမယ့် အကြမ်းဖက် တပ်ချုပ် မင်းအောင်လှိုင်က လျစ်လျူပြုထားတာ တွေ့ရတယ်။ ဥပဒေမဲ့ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လက်စဖျောက်ခံရမှုတွေ ရှိခဲ့ကြောင်းလည်း မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ တာဝန်ရှိသူတွေကို ကိုးကားပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ဖေါ်ပြပြောဆိုနေတာလည်း တွေ့ရတယ်။

"မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ ၆ လတာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အရပ်သား ၉၃၀ ထက်မနည်း သေဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရသူ ထောင်ချီ ရှိပါတယ်။ ဒီလုပ်ရပ်တွေ ကျုးလွန်သူတွေကို တရားဥပဒေနဲ့အညီ အရေးယူဖို့လည်း မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂရုံးက တောင်းဆိုထားပါတယ်။" လို့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရ Eri Kaneko က ပြောဆိုခဲ့တယ်။ (ဗွီအိုအေသတင်း)

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့တာ ၆ လ ရှိလာပေမဲ့ ဆန့်ကျင်ဆန္ဒပြ လှုပ်ရှားမှုတွေ၊ လက်နက်ကိုင် ခုခံဆန့်ကျင်မှုတွေ ဆက်တိုက် ပေါ်ပေါက်နေတာတွေ့နေရတယ်။ နိုင်ငံရေး မတည်ငြိမ်မှု ဆိုးဆိုးရွားရွား  အခြေအနေတွေကြားမှာပဲ မြန်မာပြည်သူတွေဟာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကိုလည်း အဆိုးဆုံး ကြုံနေရတဲ့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်ကြောင်း ထုတ်ဖေါ်ပြောဆိုလာကြတာ တွေ့ရတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် ပဋိပက္ခတွေနဲ့ လုံခြုံရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ လူဦးရေ ၁၇၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ဇူလိုင် ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့တယ်။ အဲဒီ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေထဲမှာ မေလ ၂၁ ရက်နေ့ကစပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးကြရတဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် အရှေ့တောင်ပိုင်းက လူပေါင်း (၁၂၀,၀၀၀) ကျော်လည်း ပါဝင်တယ်လို့ ဆိုတယ်။

ချင်းပြည်နယ်မှာ ဧပြီလကတည်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင် ဒုက္ခသည် (၁၈,၀၀၀) ကျော်ဟာ ယာယီ စခန်း(၁၀၀)ကျော်မှာ ဆက်ပြီးနေထိုင်နေကြရတယ်လို့ဆိုတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ၂၀၂၁ နှစ်ဆန်းပိုင်းကတည်းက လူပေါင်း (၂၂,၀၀၀) လောက် ထွက်ပြေးခဲ့ရပြီး၊ (၇,၀၀၀) လောက်က ယာယီစခန်း ၃၃ ခုမှာ ဆက်ပြီး နေထိုင်နေရတယ်လို့ ဆိုတယ်။ ကချင်ပြည်နယ်မှာလည်း ၂၀၂၁ မတ်လကတည်းက ပြန်လည် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း (၁၁,၀၀၀) လောက် ထွက်ပြေးနေရတယ်လို့ သိရတယ်။

ဒီ့အပြင် ရေကြီးရေလျှံမှုကြောင့် ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက မြို့နယ်အများအပြားမှာ အသက်ဆုံးရှုံးတာ၊ အိုးအိမ်စွန့်ခွာရတာတွေ ရှိတယ်လို့ ဆိုတယ်။ တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ ဒုက္ခရောက်နေသူတွေကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးဖို့လည်း အကန့်အသတ်တွေရှိနေတယ်လို့ သိရတယ်။ အထူးသဖြင့် သယ်ယူပို့ဆောင် ရေးလမ်းကြောင်းတွေမှာ လက်နက်ကိုင်တပ်တွေ ရှိနေတာ၊ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်း အကန့်အသတ်တွေ ရှိနေတာ ကြောင့် အခက်အခဲ ဖြစ်နေရတယ်လို့ ဆိုတယ်။(RFA သတင်း) 

တကယ်တော့ ၂၀၂၀ ရွေးကောက်ပွဲပြီးစ မြန်မာနိုင်ငံဟာ အေးချမ်းသာယာပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှုအောက်မှာ ကိုဗစ်ဒုတိယလှိုင်းကို စနစ်တကျ ထိန်းထားနိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကနေ မှာယူထားတဲ့ ကိုဗစ်ကာကွယ်ဆေး (ကိုဗစ်ရှီးလ်) တစ်သန်းခွဲဟာ ၂၀၂၁ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ မြန်မာပြည်ကို ရောက်ခဲ့တယ်။ လူတစ်ဦးကို ဆေးနှစ်ကြိမ် ထိုးရတာဖြစ်လို့ ဒီကာကွယ်ဆေး တစ်သန်းခွဲကို လူ ခုနစ်သိန်းခွဲကို ထိုးပေးဖို့ အစိုးရက စီစဉ်ထားခဲ့တယ်။ 

ပထမအသုတ်အနေနဲ့ ကုသရေးပိုင်းမှာ ရှေ့တန်းကနေ လုပ်ကိုင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ ဝန်ထမ်းတွေအပြင် ဗဟိုနဲ့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေကို ကာကွယ်ဆေးထိုးပေး သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၂၁ ရက်နေ့ည မိန့်ခွန်းမှာ ထည့်သွင်းပြောသွားခဲ့တယ်။ 

"ရှေ့တန်းက ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို နောက်အပတ်မှာ ထိုးဖို့ စီစဉ်ထားပါတယ်။ စပြီးလုပ်ပြီဆိုရင် လက်တွေ့ကျကျ ဘယ်လိုအခက်အခဲတွေ ရှိနိုင်လဲ။ ဘာတွေထပ်ပြီး ပီပီပြင်ပြင်လုပ်ဖို့ လိုမလဲဆိုတာသိမှာပါ။ အဲဒီအပေါ်မှာ အခြေခံပြီး ဆက်လုပ်သွားမှာပါ။ နောက်ပြီးတော့ အဓိကကျတဲ့ အစိုးရအဖွဲ့ဝင်များနဲ့ အစိုးရဝန်ထမ်းများကိုလည်း ထိုးမယ့်အစီအစဉ် များကိုလည်း လုပ်မှာပါ။ လွှတ်တော်ကိုယ်စားလှယ်များကို ထိုးမယ့် အစီအစဉ်လည်း လုပ်မှာပါ။ ဒါကိုနောက်တစ်ပတ် ဆယ်ရက်လောက်မှာ ဒီအသုတ်တွေကိုတော့ ပြီးအောင်လုပ်လို့ ရမယ်လို့ ကျွန်မတို့ခန့်မှန်းထားပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်။

နောက်ထပ် ဦးစားပေး စဉ်းစားထားတဲ့ အုပ်စုကတော့ ရောဂါပြန့်ပွားမှုများပြီး နေအိမ်တွေမှာ နေထိုင်ရေး သတ်မှတ်ခံထားရတဲ့ မြို့နယ်တွေ၊ ရောဂါအခံရှိသူတွေနဲ့ နိုင်ငံယန္တရား လည်ပတ်ဖို့ အရေးကြီးတဲ့နေရာတွေကို ဦးစားပေး ထိုးနှံဖို့ အစီအစဉ် တွေ ချမှတ်သွားမှာဖြစ်ပြီး ဒါတွေကိုလည်း ပြည်သူတွေကို အသိပေးသွားမယ်လို့ ဆိုပါတယ်။ ဦးစားပေးအုပ်စုမှာပါတဲ့ ကျန်းမာရေးဝန်ထမ်း အရေအတွက်က တစ်နိုင်ငံလုံးမှာ တစ်သိန်း နှစ်သောင်း ရှိကြောင်း သိခဲ့ရတယ်။ ဒီဝန်ထမ်းတွေထဲက အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုများတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အသေးစိတ် စာရင်းကောက်ယူပြီး ဦးစားပေးထိုးနှံဖို့ စီစဉ်ခဲ့ကြောင်း သိရတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရဟာ လူ ၁၅ သန်းစာအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဝယ်ယူဖို့လည်း အိန္ဒိယဆေးကုမ္ပဏီ Serum Institute နဲ့ ဒီဇင်ဘာလမှာ လက်မှတ်ရေးထိုးခဲ့တယ်။

တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံကို ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံး သုံးသိန်း ပံ့ပိုးပေးသွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝမ်ယိ မြန်မာနိုင်ငံကို ရောက်ရှိချိန်မှာ ပြောထားတယ်။ WHO ရဲ့ တစ်ကမ္ဘာလုံးက နိုင်ငံတွေအလိုက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဝေစုစီစဉ်ပေးတဲ့ COVAX အဖွဲ့မှာ မြန်မာလည်းပါဝင်ထားတာကြောင့် အဲဒီအစီအစဉ်ကနေ ၅၄ ဒသမ ၄ သန်းသော မြန်မာနိုင်ငံ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက်လည်း ကာကွယ်ဆေးရရှိဖို့ စီစဉ်ထားခဲ့တယ်။ COVAX အစီအစဉ်ကနေ ရမယ့်ကာကွယ်ဆေးက လူဦးရေ ၂၀ ရာခိုင်နှုန်း အတွက်ပဲ ရမှာဖြစ်လို့ တရုတ်နိုင်ငံ ကနေလည်း ကာကွယ်ဆေးဝယ်ဖို့ အစိုးရက စီစဉ်ထားခဲ့တာကို ထောက်ရှုရင် အရင်အရပ်သားအစိုးရရဲ့ စီမံဆောင်ရွက်မှုတွေ စေ့စပ် ကောင်မွန်တာကို သိနိုင်တယ်။ ၂၀၂၁ ခုနှစ်ထဲမှာ မြန်မာပြည် လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးနိုင်မယ့် အခြေအနေရှိတယ်လို့ NLD အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပြောဆိုခဲ့တာ မှတ်မိကြမယ်ထင်ပါတယ်။ 

အခုတော့ ဆင်ခြင်ဉာဏ်နုံနည့်တဲ့ မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းမှုကြောင့်  မြန်မာပြည်ဟာ ကပ်ဘေးသုံးရပ်နဲ့ ရင်ဆိုင်နေရပြီဖြစ်တယ်။ NLD အစိုးရ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်အတိုင်းသာ အကောင်အထည်ဖေါ်နိုင်ခဲ့ရင် ဒီနေ့တွေ့ကြုံနေရတဲ့ ကံကြမ္မာဆိုးမျိုးကို ပြည်သူတွေ ရှောင်လွှဲနိုင်မှာ ဖြစ်တယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး CDM လှုပ်ရှားမှုကို ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ တပ်ဦးကနေ ပူးပေါင်းပါဝင်ခဲ့ကြတာဖြစ်တယ်။ ဒီနေ့အထိလည်း ဆရာဝန်တွေအပါအဝင် ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေဟာ အာဏာရှင်နဲ့ မပူးပေါင်းရေး ဆက်လက်တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီ လက်အောက်က မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍယန္တရားဟာ CDM လှုပ်ရှားမှုကြောင့် ယိုင်လဲသွားရတဲ့ အခြေအနေအထိ ရောက်ရတယ် လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM ဆရာဝန်တွေဟာ ပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုကိစ္စမှာ နည်းလမ်း အမျိုးမျိုးနဲ့ ကူညီဆောင်ရွက်နေကြဆဲဖြစ်တယ်။ ဒါပေမဲ့ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးနေဆဲဖြစ်လို့  စစ်အာဏာသိမ်းမှု ၆ လ ကြာခဲ့ ချိန်မှာ ဆေးကုသရေးလုပ်ငန်းဟာ မှောင်ခိုလုပ်ငန်းအသွင် ဖြစ်လာခဲ့တာ တွေ့ရတယ်။ စာရင်းတိတိကျကျ ပြုစုထားတာ မရှိပေမယ့် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်း အရေအတွက်ဟာ ၁၀၀ ၀န်းကျင်အထိ ရှိနိုင်တယ်လို့ CDM ဆရာဝန်တွေက ခန့်မှန်းကြောင်း သိရတယ်။ 

အာဏာသိမ်း စစ်ကောင်စီဟာ တနေ့တခြား ယိုယွင်းလာနေတဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍကို တာဝန်ယူ စောင့်ရှောက် နိုင်ခြင်းမရှိရုံမက၊ လတ်တလော ရင်ဆိုင်နေရတဲ့ ကိုဗစ်တတိယလှိုင်းဒဏ်ကြောင့် ပြည်သူတွေ နေ့စဉ်နဲ့ အမျှလိုအပ်နေတဲ့  ဆေးဝါးနဲ့ အောက်ဆီဂျင် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတာ မြင်တွေ့နေရတယ်။ ပြည်သူတွေဟာ ကိုဗစ်ကပ်ရောဂါအပါအဝင် ကျန်းမာရေးပြဿနာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြရတယ်။

စစ်တပ်ကအာဏာသိမ်းထားတဲ့ ၆ လတာအတွင်း စစ်ကောင်စီရဲ့လက်ချက်နဲ့ ပြည်သူတွေ သေဆုံးရတာ၊ ဖမ်းဆီးနှိပ်စက်ခံ ရတာတွေလည်း ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူများက ထောက်ပြကြတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP) က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းချိန်ကပင် ဇူလိုင် ၃၁ ရက်နေ့အထိ အချိန် ခြောက်လာတာ ကာလအတွင်း စစ်ကောင်စီကြောင့် သေဆုံးသူ ၉၄၀ ဦး၊ လက်ရှိ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရသူပေါင်း ၅၄၄၄ ဦးအပါအဝင် ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ၆၉၉၄ ဦးနဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ ၂၀၀၀ နီးပါးရှိကြောင်း ထုတ်ပြန်ထားတာတွေ့ရတယ်။ ထိန်းသိမ်းခံနေရသူတွေထဲမှာ အသက် ၁၈ နှစ်နဲ့အောက် ကလေးသူငယ် ၁၀၄ ဦးအထိ ရှိကြောင်း သိရတယ်။ 

သေဆုံးမှုတွေမှာ အာဏာသိမ်းမှုကို သပိတ်မှောက်ရင်းနဲ့လမ်းပေါ်မှာ သေနတ်အပစ်ခံရလို့ သေဆုံးတဲ့သူတွေ အများဆုံး ဖြစ်တယ်။ စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် စစ်ကြောရေးစခန်းမှာ ညှဉ်းပန်းနှိပ်စက်ခံရလို့ သေဆုံးသူတွေလည်း ရှိသလို ဘာအပြစ်မှမရှိဘဲ ပစ်သတ်ခံလိုက်ရတဲ့သူတွေလည်းပါတယ်လို့ ဆိုတယ်။ သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြားလူငယ်တွေ အများဆုံးဖြစ်ပြီး အသက် ၁၈ နှစ်နဲ့အောက် ကလေးသူငယ် ၆၁ ဦးဟာ စစ်အုပ်စုရဲ့ အကြမ်းဖက် ပစ်သတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုတယ်။ စာရင်းမရတာတွေလည်း ရှိတာကြောင့် အမှန်တကယ် သေဆုံးသူ အရေအတွက်က ဒီထက် ပိုများနိုင်တယ်လို့ AAPP က ဆိုတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း သတင်းသမား အများအပြား ဖမ်းဆီးခံရတာလည်း ရှိခဲ့တယ်။ RFA သတင်းဌာနရဲ့လေ့လာချက်အရ စစ်အာဏာသိမ်းမှု အချိန်ခြောက်လအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ သတင်းသမားပေါင်း ၉၀ ဦးအထိ ရှိတယ်လို့ ဆိုတယ်။ အဲဒီအထဲက သတင်းသမား ၄၅ ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် နောက်ထပ် ၄၅ ဦးကတော့ ဒီနေ့အထိ ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲ ဖြစ်ကြောင်း သိရတယ်။ နောက်ထပ် သတင်းသမား ၂၆ ဦးကိုလည်း  ဖမ်းဝရမ်းထုတ်ထားတဲ့ အတွက် ထွက်ပြေး တိမ်းရှောင် နေကြရပြီး၊ သတင်းသမား အများအပြားရဲ့ နေအိမ်တွေကို လိုက်လံရှာဖွေနေတဲ့အတွက်  ဒီနေ့အထိ ထွက်ပြေးနေကြရတယ်လို့ သိရတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး အချိန်ခြောက်လာတာကာလမှာ ဒီဗွီဘီသတင်းဌာန၊ မဇ္ဇျိမသတင်းဌာန၊ မြစ်ကြီးနားဂျာနယ်၊ တာချီလိတ်သတင်းအေဂျင်စီ၊ ဆဲဗင်းဒေး၊ မြန်မာနောင်း၊ ခေတ်သစ်နဲ့ The 74 Media စတဲ့ သတင်းမီဒီယာ ရှစ်ခု သတင်းလုပ်ကိုင်ခွင့် လိုင်စင် ပိတ်သိမ်းခံခဲ့ရတယ်။

သတင်းလွတ်လပ်ခွင့်ကို စစ်တပ်က ပြင်းပြင်းထန်ထန် နှိပ်ကွပ်တဲ့အတွက် လက်ရှိ ကိုဗစ်ကပ်ရောဂါအခြေအနေအမှန်ကို ပြည်တွင်းပြည်ပက မသိရှိနိုင်ဘဲ ဖြစ်နေရတယ်။ စစ်တပ်ရဲ့အကြမ်းဖက် ဖမ်းဆီးနှိပ်စက်မှု၊ လုယက်ရမ်းကာမှု၊ အကြောင်းမဲ့ ပစ်သတ်မှုနဲ့ ဗုံးကွဲမှု အစရှိတဲ့ သတင်းတွေကို အမှန်အတိုင်း မသိကြရဘဲ ဖြစ်နေတယ်။ 

စစ်အာဏာသိမ်းမှုကြောင့် အကြီးမားဆုံး ထိခိုက်ခဲ့တာကတော့ နိုင်ငံရဲ့ စီးပွားရေးကဏ္ဍပါပဲ။ ပြည်သူတွေအတွက်  အလုပ်အကိုင်အခွင့်အလမ်း အများဆုံး ဖန်တီးပေးနိုင်တဲ့ စက်ရုံ၊ အလုပ်ရုံတွေ ရာနဲ့ချီ ပိတ်သိမ်းရတာကြောင့် ကုန်ထုတ် လုပ်မှုကျဆင်းပြီး အလုပ်လက်မဲ့တွေ အမြောက်အမြား ဖြစ်လာခဲ့ရတယ်။  အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ရဲ့ ခန့်မှန်းချက်တွေ အရ မြန်မာနိုင်ငံမှာ ယခင် ၂၀၂၀ ခုနှစ်က ပြည်တွင်းအသားတင် ထုတ်လုပ်မှု (+ ၃ ဒသမ ၃ ရာခိုင်နှုန်း) ရှိခဲ့ရာက လက်ရှိ အချိန်မှာ (− ၉ ဒဿမ ၈ ရာခိုင်နှုန်း) အထိ ထိုးကျသွားတာ တွေ့ရတယ်။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း (MGMA) ရဲ့ ဇွန်လ သတင်းလွှာမှာ ၂၀၂၁ ဇွန်လအထိ မြန်မာနိုင်ငံမှာ ယာယီပိတ်သိမ်းတဲ့ စက်ရုံတွေနဲ့ အပြီးသတ် ပိတ်သိမ်းလိုက်ရတဲ့ စက်ရုံပေါင်း ၅၂ ခုအထိ ရှိကြောင်း ဖော်ပြထားတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ကလည်း မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာလွှဲပြောင်း ရယူချိန်က နေစပြီး လုပ်သားဈေးကွက်အခြေအနေဟာ ပိုပြီးဆိုးဝါးလာနေကြောင်း ဇူလိုင်လ ၁၉ ရက်နေ့က ထုတ်ပြန်ထားတယ်။

ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာလည်း စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကပ်ရောဂါ ရဲ့ ဒဏ် ကြောင့် မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်း နှစ်ဆ မြင့်တက်သွားနိုင်တယ်လို့ ဆိုထားတယ်။ ဖေဖော်ဝါရီလ ၁ ရက် နေ့ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ကိုဗစ်ရောဂါကို မထိန်းချုပ်နိုင်ဘဲ ပြန်လည်ဆိုးရွားလာလို့ မြန်မာ့စီးပွားရေးဟာ ပိုပိုဆိုးတဲ့ အခြေအနေဆီ ဦးတည်နေကြောင်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းက ဆန္ဒပြမှုတွေ၊ အလုပ်သမားပြတ်တောက်မှုတွေ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေနဲ့ ကျန်းမာရေး၊ ပညာရေး ယိုယွင်းပျက်စီးမှုတွေကြောင့် စီးပွားရေး အဓိက ထိခိုက်နေရကြောင်းလည်း ကမ္ဘာ့ဘဏ်က ဆိုတယ်။ (RFA သတင်း)

ယခင် NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါဒဏ်ကြောင့် စီးပွားရေး ထိခိုက်ခဲ့ ပေမယ့် လာမယ့် ၂၀၂၁ မှာ နလန်ပြန်ထူလာနိုင်လိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ဖူးတယ်။ အခုတော့ နလပိန်းတုံး စစ်ကောင်စီရဲ့အကြမ်းဖက် လူသတ် အာဏာလုယူမှုကြောင့် မြန်မာနိုင်ငံ ပြည်သူလူထုဟာ ဘက်စုံ ဒုက္ခပင်လယ်ဝေနေရ ပြီဖြစ်တယ်။ ဒါကြောင့် နိုင်ငံနဲ့ ပြည်သူလူထု အပေါ်သစ္စာစောင့်သိမှု လုံးဝမရှိရုံမက ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ဥစ္စာကို အကြမ်းဖက် လုယက်ဖျက်ဆီးခဲ့ကြတဲ့အတွက် စစ်ကောင်စီကို မြန်မာပြည်သူလူထုက ထာဝရ ကျောခိုင်း ပစ်ပယ်လိုက်တာဖြစ်ကြောင်း သိသာထင်ရှားနေပါတယ်။

ကောင်းဇေလူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024