ပျောက်ဆုံးငါးဖမ်းလှေ ပြန်တွေ့၊ လှေသားအားလုံး ဘေးကင်း

ထိုင်း-မြန်မာ ရေပိုင်နက်အစပ်  ဘင်္ဂလားပင်လယ်အော်မှာ မနေ့က  ပျောက်ဆုံးသွားတဲ့ ထိုင်းတောင်ပိုင်း ဖန်ငခရိုင်က ချုတ်မဏီးတေချ် - ၂၁ အမည်ရှိ ငါးဖမ်းလှေဟာ ဩဂုတ် ၃ ရက် ဒီကနေ့ မနက်မှာ ဘေးကင်းစွာနဲ့ ကမ်းကပ်လာပြီး လှေသားအားလုံး ဘေးအန္တရာယ်ကင်းစွာ ပြန်ရောက်လာပြီဖြစ်ပါတယ်။ 

အဆိုပါလှေဟာ လှိုင်းကြီးလှေထန်စဉ် ပျောက်ဆုံးသွားတာကြောင့် သတင်းတွေမှာ နစ်မြုပ် တယ်လို့ ဖော်ပြခဲ့ကြပေမယ့် အမှန်မှာ လှေပျောက်ဆုံးတာမဟုတ်ဘဲ GPS အဆက်အသွယ် ပြတ်သွားခြင်းသာဖြစ်တယ်လို့ မြန်မာလုပ်သားအရေးဆောင်ရွက်နေသူ ဖန်ငအခြေစိုက် ပညာရေး နဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း FED မှ  ဦးမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“အမှန်က လှေပျောက်တာမဟုတ်ဘဲ GPS အဆက်အသွယ်ပြတ်သွားတာတဲ့ ခင်ဗျ။ သူတို့ လှေအမြဲဆိုက်နေတဲ့ သင်္ဘောကျင်းက အလုပ်သမားတွေက ကျနော်တို့ကို ပြန်ပြောပြတာ၊ သူတို့ ကမ်းဆိုက်တဲ့ ကူရပူရီမြို့က အသွားအလာတွေကန့်သတ်ထားသလို ကျနော်တို့ဆီမှာလည်း အသွားအလာကန့်သတ်ထားတော့ ပြန်လာတဲ့အလုပ်သမားတွေနဲ့ သွားတွေ့လို့မရဘူး။ ဒါပေမယ့် အားလုံး ဘေးကင်းရန်ကင်းပြန်ရောက်တယ်ဆိုလို့ ဝမ်းသာပါတယ်၊ လှေက ကမ်းပေါ်ပြန်ကပ်လို့ ငါးတွေတောင်ချပြီးပြီ၊ ရာသီဥတုကောင်းရင် နောက်တချီပြန်ထွက်မယ်လို့လည်း ပြောတယ်ခင်ဗျ။”

အဆိုပါ ငါးဖမ်းလှေပေါ်မှာ ထိုင်း ၂ ဦး နဲ့ မြန်မာရေလုပ်သား ၂၉ ဦးတို့ ပါသွားပြီး အားလုံးဘေးရန်ကင်းစွာ ပြန်ရောက်ရှိတာဖြစ်ပါတယ်။ 

         ဒီကိစ္စနဲ့ပတ်သက်ပြီး  Phuket People’s Voice သတင်းမှာလည်း ပျောက်ဆုံးနေတဲ့လှေကို အမှတ် ၃ တပ်မတော်ရေက ရဟတ်ယာဉ်နဲ့ရော ကယ်ဆယ်ရေးလှေတွေနဲ့ပါ လိုက်လံရှာဖွေနေရာမှာ ဒီနေ့မနက်မှာတော့ ဆီတင်သင်္ဘောတစ်စီးက အဆိုပါလှေကို သန်ခေါင်ကျော် မနက် ၀၀း၁၀  နာရီမှာ တွေ့ရှိပြီး လှေရဲ့ MISC (ဆက်သွယ်ရေးစနစ်) နဲ့ပါ ချိတ်မိကြောင်း၊ အဲဒီလှေဟာ ဖန်ငခရိုင် ဆူရင်းကျွန်းစုဘက်ကို ဦးတည်သွားနေကြောင်း  ရေတပ်ကို  အကြောင်းကြားလာတယ်လို့  ဆိုပါတယ်။ 

အဲဒီနောက် အမှတ် ၃ ရေတပ်က ကယ်ဆယ်ရေးလှေတွေဟာ အဆိုပါငါးဖမ်းလှေကို ကြိုဖို့ ဆူရင်းကျွန်းစုဘက် ထွက်ခွာသွားတယ်လို့ ဖော်ပြထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up