နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ဆက်လက် အကူအညီပေးမည်
DVB
·
December 8, 2013
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုအပေါ် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)က ဆက်လက် အကူအညီပေးသွားမယ်လို့ အိုင်အမ်အက်ဖ်ရဲ့ ဥက္ကဋ္ဌ ခရိစ်တင်း လာဂါးဒ် ကပြောပါတယ်။
[caption id="attachment_47915" align="alignleft" width="300"] အိုင်အမ်အက်ဖ်အကြီးအကဲ ခရိစ်တင်း လာဂါးဒ်[/caption]
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုအပေါ် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ဆက်လက် အကူအညီ ပေးသွားမယ်လို့ အိုင်အမ်အက်ဖ်အကြီးအကဲ ခရိစ်တင်း လာဂါးဒ်က ဒီဇင်ဘာ ၇ ရက်နေ့ ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာ ဖြစ်ပါတယ်။
“မြန်မာနိုင်ငံဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အဖွဲ့ဝင် ဖြစ်ပါတယ်။ ပြည်တွင်းမှာ လည်း ကျမတို့ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ ပြီးတော့ ကျမတို့ မြန်မာနိုင်ငံကို ဆက်လက် အကူအညီပေးဖို့ စိတ်အားထက်သန်ပါတယ်။ နည်းပညာအကူအညီ ဖြစ်စေ ပြုပြင်ပြောင်းလဲရေး အကူအညီပေးတာတွေ ဖြစ်စေ ဆက်လက် အကူအညီ ပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော မြန်မာနိုင်ငံကို ကြည့်တာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဆောင်ရွက်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပါတယ်။ ပြီးတော့ အာရှရဲ့ အဓိက အကျဆုံးနေရာမှာ ရထိုက်ပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေပြီး တည်ငြိမ်တဲ့ စီးပွားရေးတွေကို တည်ဆောက်နေတဲ့ မြန်မာနိုင်ငံဟာ ကြီးပွားချမ်းသာတဲ့ လူမှုအသိုင်းအဝိုင်းနဲ့ တည်မြဲတဲ့ စီးပွားရေး အတွက် တာဝန်ယူဆောင်ရွက်ဖို့ လိုပါတယ်။”
သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က မြန်မာကို ငွေလဲလှယ်နှုန်း ပြုပြင်ရေးကိစ္စတွေမှာ စတင် ကူညီခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ ဗဟိုဘဏ်ကနေပြီး ခိုင်မာတဲ့ ငွေရေးကြေးရေး မူဝါဒနဲ့ ဘဏ်စနစ်တွေကို တည်ဆောက်သင့်ကြောင်းလည်း အိုင်အမ်အက်ဖ်ရဲ့ အကြီးအကဲက အကြံပေးသွားပါတယ်။
“မြန်မာနိုင်ငံဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ နည်းပညာ အကူအညီတွေကနေ ဒုတိယအဆင့်ကို သွားနိုင်မယ်လို့ ကျမ ယုံကြည်တယ်။ နည်းပညာနဲ့ သင်တန်းတွေကိုလည်း အများကြီး ကူညီပါမယ်။ ကွင်းထဲမှာလည်း ကျမတို့ ဝန်ထမ်းတွေ ရှိပါတယ်။ ၂၀၁၄ အကုန်နဲ့ ၁ လပိုင်းတွေမှာလည်း အဖွဲ့ဝင်တွေ ထပ်တိုးဖို့ ရှိပါတယ်။ အထူးသဖြင့် ဘဏ္ဍာရေးပိုင်းနဲ့ အကောက်အခွန် ကိစ္စတွေမှာ ဖြစ်ပါတယ်။”
ခရစ္စတင်းန် ဟာ သူရဲ့ ကမ္ဘာဒီးယား နဲ့ တောင်ကိုးရီးယားခရီးစဉ်အပြီး ဒီဇင်ဘာ ၆ ရက်မှာ မြန်မာပြည်ကို ရောက်လာပါတယ်။ အဲဒီနောက် ဒုသမ္မတနဲ့ ဘဏ္ဍာရေးဝန်ကြီး တို့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့သလို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးအရေး ဆွေးနွေးပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။
မြန်မာဟာ လာမယ့်နှစ်မှာ စီးပွားရေးတိုးတက်မှု ၆ ဒဿမ ၈ ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ကနေပြီး ခန့်မှန်းထားပါတယ်။ အရှေ့တောင်အာရှ နိုင်ငံမှာဆိုရင်လည်း မြန်မာနိုင်ငံရဲ့ စီးပွားရေး ကြီးထွားမှုဟာ အမြန်ဆုံး နေရာမှာရှိတယ်လို့လည်း ပြောပါတယ်။