ကနီမြို့ပေါ်တွင် စစ်တပ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး

စစ်ကိုင်တိုင်း၊ ကနီမြို့ပေါ် အထက ၁ ကျောင်းထဲ တပ်စွဲထားတဲ့ စစ်တပ်က  ဩဂုတ် ၁ ရက်နေ့ည ၆ နာရီခွဲကျော်လောက်မှာ သေနတ်နဲ့ပစ်ခတ်တာကြောင့် လမ်းသွားနေတဲ့ ပြည်သူတစ်ဦး ကျည်ထိမှန် သေဆုံးသွားပါတယ်။

မျက်မြင်သူတစ်ဦးက “ကျနော်နဲ့ ‌ကနီပြည်သူ့အားကစားကားကွင်းထောင့်က ကွမ်းယာဆိုင်မှာ ကွမ်းယာဝင်ဝယ်တော့ အတူဆုံဖြစ်လိုက်တာပေါ့။ ကိုယ်ကလည်း နယ်ဘက်ကဆိုတော့ ဘယ်သူဘယ်ဝါဆိုတာ မသိလိုက်ဘူးဗျ။ ကနီမြို့ပေါ်အမှတ် ၂ က ဖြစ်ဖို့များမယ်ထင်တယ်။ အသက်က ၃၀ ဝန်းကျင်လောက်ပေါ့။ သူကကွမ်းယာရလို့ မြို့ထဲဘက်အပြန်  အထက ၁ ရှေ့ရောက်တော့ သေနတ်တွေနဲ့ ဝိုင်းထုကြတာ။ ပစ်တဲ့အချက်အရေတွက်က အများကြီးပစ်ကြတာ။ သေနတ်သံတွေဆူညံနေတာပဲ။ အပစ်ခံရတဲ့သူကတော့ ကနီမြို့လယ်လမ်းပေါ်မှာ လဲကျနေတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဩဂုတ် ၁ ရက်နေ့ညနေပိုင်းကလည်း မြို့ပေါ်မှာ တပ်စွဲထားတဲ့ တပ်သားတွေဟာ အရက်သောက်စားပြီး ကနီမြို့လယ်လမ်းကနေ ဖြတ်သွားသူမှန်သမျှကို ဖမ်းဆီးကာ ဆက်ကြေးတောင်းသလို ငွေကြေး တောင်းခံနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရင်း ၃၃၊ ၄၄၊ ၉၉ စတဲ့ တပ်တွေဟာ ကနီမြို့နယ်အတွင်း ကျေးရွာတိုင်းနီးပါးကို ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် ဇူလိုင် ၁ လအတွင်း အသတ်ခံရတဲ့ အပြစ်မဲ့ပြည်သူ ၆၀ ကျော် ရှိတယ်လို့ သိရပါတယ်။

Pra Jaw

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up