စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အစုလိုက်အပြုံလိုက် စံချိန်တင်နုတ်ထွက်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘုတလင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ကတော့ ဩဂုတ် ၁ ရက်နေ့က ထွက်စာတင်ခဲ့တာဗျ။ ထွက်ရတဲ့ အကြောင်းရင်းကတော့ဗျာ အထက်က ဖိအားတွေကြောင့်ရယ်၊ လက်ရှိ ကျနော်တို့ ဘုတလင်မြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးတွေ အသတ်ခံနေရတာကြောင့် ကျနော့်မိသားစုလုံခြုံရေးအရ စတာတွေပါဝင်တာပေါ့ဗျာ။”
ဒါ့အပြင် စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေကို ရွာသားတွေရဲ့ သပိတ်စစ်ကြောင်းတွေအကြောင်း၊ လက်နက်ကိုင်အခြေအနေတွေအကြောင်း အစီရင်ခံစာ တင်ခိုင်းတာကြောင့်လည်း ပါတယ်လို့ ဆိုပါတယ်။
“ကျနော်ကတော့ သူတို့နဲ့ ကျနော်တို့ ရွာသား ဘယ်ဟာကို ရွေးမလဲဆိုရင် ကျနော်တို့ ရွာသားပဲ ရွေးမှာပေါ့ဗျာ။ ဒီကောင်တွေ ပြည်သူတွေအပေါ် မတရားလုပ်နေတာတွေက နေ့စဉ်လိုလို ဖြစ်လာတော့ မခံနိုင်တာလည်း ပါတယ်။ နောက်ပြီး သူတို့က ကျနော်တို့ကို ခိုင်းပဲခိုင်းချင်တာ။ အခုဆို ကျနော်တို့လို အုပ်ချုပ်ရေးမှူးတွေ အသတ်ခံနေရတာ။ အဲဒါကို လက်ပိုက်ကြည့်နေကြတာဗျ။ ပြောချင်တာက ကျနော်တို့လို အုပ်ချုပ်ရေးမှူးတွေအတွက် ဘာအသက်အာမခံချက်မှ လုပ်မပေးနိုင်ဘူး။ သူတို့ အာဏာတည်မြဲရေးသာ ကြည့်နေကြတာ။”
ဩဂုတ် ၁ ရက်နေ့ တရက်တည်း အုပ်ချုပ်ရေးမှူး ၅ ဦး နုတ်ထွက်စာတင်ထားပြီး နောက်နေ့တွေမှာလည်း ထွက်စာတင်မယ့် အုပ်ချုပ်ရေးမှူးတွေ အများအပြားရှိတယ်လို့ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဘုတလင်မြို့နယ်မှာ ဇူလိုင်လအတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နှစ်ယောက်ကို အမည်မသိအဖွဲ့က သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
နိုင်ငံတဝန်းမှာလည်း မြို့နယ်နဲ့ ကျေးရွာအုပ်ချုပ်ရေးရုံးတွေ ဗုံးဖောက်ခွဲခံရတာ၊ အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာတွေ နေ့စဉ်လိုလို ဖြစ်ပေါ်နေပါတယ်။