Home
မြန်မာသတင်း
အိမ်စောင့်အစိုးရအသွင်ပြောင်းမှု ရေရှည်အာဏာဆက်သိမ်းထားရန် ရည်ရွယ်ခြင်းဖြစ်ဟု လေ့လာသူများသုံးသပ်
DVB
·
August 1, 2021

စစ်ကောင်စီက အိမ်စောင့်အစိုးရအဖြစ်အသွင်ပြောင်းလဲလိုက်ပေမဲ့ ပြည်သူလူထုထောက်ခံမှုနဲ့ တရားဝင်မှုကတော့ ရရှိမှာ မဟုတ်ဘဲ  ၂၀၀၈ ဖွဲ့စည်းပုံကို ပြောင်ပြောင်းတင်တင်းချိုးဖောက်ပြီး ရေရှည်အာဏာဆက်သိမ်းထားဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်လို့  နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီး ၆ လအကြာ  ဩဂုတ်လ ၁ရက်နေ့မှာ အိမ်စောင့်အစိုးရအဖြစ်အသွင်ပြောင်းဖွဲ့စည်းလိုက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ကြီးချုပ်အဖြစ်တာဝန်ယူလိုက်တဲ့အပေါ် တုံ့ ပြန်ပြောကြားလိုက်တာပါ။

မကြာခင်ကာလအတွင်း ကုလသမဂ္ဂက မြန်မာနိုင်ငံမှာ ဘယ်အစိုးရက တရားဝင်ဖြစ်တယ်ဆိုတာကို သတ်မှတ်တော့မှာ ဖြစ်တဲ့အတွက် စစ်ကောင်စီက အာဏာသိမ်းအဖွဲ့အဖြစ်ကနေ အိမ်စောင့်အစိုးရအဖြစ် အသွင်ပြောင်းလိုက်တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဝေဖန်လိုက်ပါတယ်။

"စစ်ကောင်စီအနေကနေ အစိုးရဆိုတဲ့ပုံစံမျိုးကို သွားဖို့လုပ်ဆောင်နေတယ်။  အရင် စစ်ကောင်စီက အစိုးရမဟုတ်ဘူး အာဏာသိမ်းထားတဲ့အဖွဲ့ပဲဖြစ်တယ်။ ဒီကာလအတွင်းမှာ အစိုးရအနေနဲ့ သူတို့ရပ်တည်မယ်။ တိုင်းပြည်မှာ အစိုးရတစ်ရပ်ကိုထူထောင်ပြီးတော့ လည်ပတ်နိုင်တယ်။ အာဏာသက်ရောက်မှုရှိတယ်ဆိုတာကို နိုင်ငံတကာမှာ အမှတ်ယူဖို့ ကြိုးစားတာဖြစ်တယ်။ ကုလသမဂ္ဂမှာ တရားဝင်ဖို့ ကိုယ်စားပြုနိုင်ဖို့ဆိုတာကို ဦးတည်တာတော့ သေချာပါတယ်။

ပြည်သူက တရားဝင်ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားပြုမှု အသိအမှတ်ပြုမှုကို သူတို့ယှဉ်လို့မရပါဘူး။ အာဏာသိမ်းမှုက အာဏာသိမ်းမှုပါပဲ။ လူ့အခွင့်အရေးချိုးဖောက်နေတာကို ကမ္ဘာက သိပါတယ်။ အစိုးရအနေနဲ့ပဲချိုးဖောက်ချိုးဖောက် စစ်ကောင်စီအနေနဲ့ပဲ ချိုးဖောက်ချိုးဖောက် နိုင်ငံတကာရာဇဝတ်မှုတွေချိုးဖောက်နေတဲ့ ဘယ်လိုအုပ်စုကိုမှ ကမ္ဘာက လက်မခံတဲ့အနေအထားမျိုးက ကျနော်တို့ အတွက် အားကောင်းတဲ့အနေအထားဖြစ်ပါတယ်"

စစ်ကောင်စီက အိမ်စောင့်အစိုးရအဖြစ် ကြေညာချက်မထုတ်ခင် ဩဂုတ်လ ၁ရက်  ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်း ၆လ ပြည့်မိန့်ခွန်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ရာမှာ တိုင်းပြည်တည်ငြိမ်အောင်ထိန်းသိမ်းဖို့နဲ့ ရွေးကောက်ပွဲကျင်းပဖို့အတွက် ၂၀၂၃ ဩဂုတ်လအထိ အချိန်ယူရမယ်လို့ ပြောဆိုခဲ့ပါတယ်။

အန်အယ်လ်ဒီက တစ်ပါတီအာဏာရှင်စနစ်ဆီဦးတည်နေတဲ့အတွက် ပါတီစုံစနစ်ပြန်အသက်သွင်းနိုင်ဖို့ အာဏာသိမ်းခဲ့တာလို့ ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ပြောဆိုချက်တွေဟာ ယုံကြည်စရာမရှိသလို ပြည်သူကိုနှိပ်ကွပ်ဖို့နဲ့ အာဏာရေရှည်သိမ်းချင်လို့ အိမ်စောင့်အစိုးရအဖွဲ့ကို ဖွဲ့စည်းတာလို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က  သုံးသပ်ပါတယ်။

"အိမ်စောင့်အစိုးရဆိုတာက ၂၀၀၈ဖွဲ့စည်းပုံထဲမှာပါဝင်တဲ့ အစိုးရ ပုံစံမဟုတ်ဘူးလေ။ ၁နှစ် ၂ နှစ်အတွင်း ရွေးကောက်ပွဲပြန်လုပ်ပေးမယ် အနိုင်ရတဲ့ပါတီကို အာဏာအပ်နှင်းမယ်ဆိုတဲ့ ကတိကဝတ်ကို ဖျက်သိမ်းဖို့အတွက် ပြင်ဆင်တဲ့လုပ်ငန်းပဲ။ ဘယ်လောက်စောင့်ရမလဲဆိုတော့ သူတို့လိုချင်တဲ့ နိုင်ငံတည်ငြိမ်တဲ့အနေအထားရောက်အောင်စောင့်ဖို့အတွက် စစ်ကောင်စီဆိုတာကို အိမ်စောင့်အစိုးရလို့ပြောင်းတာ။ တော်လှန်ရေးကောင်စီဆိုတဲ့ အိမ်စောင့်အစိုးရက ဘယ်လောက်ကြာခဲ့လဲဆိုရင် ၆၂ ခုနှစ်ကနေ ၇၄ ခုနှစ်အထိဆိုရင် ၁၂ နှစ်ကြာပါတယ်။ အိမ်စောင့်အစိုးရဆိုတဲ့ နာမည်နဲ့ဆိုရင် သူတို့ပြောတဲ့ ၂၀၂၃ ခုနှစ်အထိဆိုတဲ့ စကားက မသေချာတဲ့သဘော ပိုပြီးသက်ရောက်သွားတာဖြစ်ပါတယ်။ သူတို့စိတ်ကြိုက်တိုင်းပြည်ကို နှိပ်ကွပ် အုပ်ချုပ်နိုင်တဲ့ အနေအထားတစ်ခု မရောက်မချင်း  တိုင်းပြည်ကိုအုပ်ချုပ်သွားမယ်ဆိုတာ ထုတ်ပြန်လိုက်တဲ့သဘောပါပဲ"

စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရဖွဲ့စည်းကြောင်း ကြေညာချက်ဟာ အရှေ့က ကြေညာချက်တွေနဲ့မတူဘဲ ၂၀၀၈ ဖွဲ့စည်းပုံကို ပြောင်ပြောင်တင်း တင်းချိုးဖောက်ထားတာတွေ့ရတယ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။ စစ်ကောင်စီဟာ အာဏာစသိမ်းကတည်းက ၂၀၀၈ ဖွဲ့စည်းပုံနဲ့မညီဘဲ သမ္မတအပါအဝင် ခေါင်းဆောင်တွေကို ဖမ်းဆီးတာဟာ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

သတင်းစာဆရာ ဦးစည်သူအောင်မြင့်က "စစ်ကောင်စီဥက္ကဋ္ဌက သူ့ကိုယ်သူဝန်ကြီးချုပ် ရာထူးယူလိုက်တယ်။ ဒါတွေက ၂၀၀၈ဖွဲ့စည်းပုံထဲမှာ ပါကိုမပါဘူး။ အရင်အမိန့်ကြော်ငြာစာတွေတိုင်း အမြဲတမ်း ၂၀၀၈ ဖွဲ့စည်းပုံကို ကိုးကားပြီးမှ လိမ်သည်ဖြစ်စေ ညာသည်ဖြစ်စေ ကိုးကားကြတယ်။ ဒီကြေညာချက်မှာတော့ လုံးဝမပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုးကားလို့လည်းမရလို့။ အရေးပေါ်ကာလဆောင်ရွက်ချက်တွေကို အကောင်အထည်ဖော်ခိုင်းတာ သူတို့ကို အစိုးရလုပ်ခိုင်းတာမဟုတ်ဘူး။ ဖွဲ့စည်းပုံထဲမှာလည်း သူတို့ကို အစိုးရလုပ်ဖို့ဆိုတာမပါဘူး"

စစ်ကောင်စီအသွင်ပြောင်း အိမ်စောင့်အစိုးရဟာ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေကိုလည်း ပြင်ဆင်ပြောင်းလဲဖွဲ့စည်းလိုက်ပြီး  တိုင်းနဲ့ပြည်နယ်အလိုက် ဝန်ကြီးအများအပြားကိုလည်း ဩဂုတ် ၁ရက်နေ့မှာ ခန့်အပ်ခဲ့ပါတယ်။

အစိုးရတစ်ရပ်အသွင် ပီပီပြင်ပြင်ဖြစ်အောင်ဆောင်ရွက်ထားတာကိုကြည့်ရင် ရေရှည်အာဏာသိမ်းအုပ်ချုပ်ဖို့ ပြင်ဆင်တာကို တွေ့နိုင်တယ်လို့  နိုင်ငံရေးအကဲခတ်တွေက သုံးသပ် ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024