မင်းတုန်းမြို့တွင် နှမ်းခင်းတချို့ ကူးစက်မြန်မှိုရောဂါတမျိုး ကျရောက်နေ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က နှမ်းစိုက်ခင်းတချို့မှာ ကူးစက်မြန်အမျိုးအစား မှိုရောဂါတမျိုး ကျရောက်နေတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

ဒေသအခေါ် ရိုးချောင်လို့ခေါ်တဲ့ နှမ်းပင်ပေါ် ကျရောက်တဲ့ ရောဂါတမျိုးကို စိုက်ပျိုးရေးဌာနက နှမ်းရိုးမည်းရောဂါ လို့သတ်မှတ်ထားတယ်လို့ စိုက်ပျိုးရေးပညာရှင်တဦးက ပြောပါတယ်။

“မိုးများပြီး အစိုများရင် ဖြစ်တာမြန်တယ်၊ တခြားမကျသေးတဲ့ အခင်းတွေ ရိုးမည်းကာကွယ်ဖို့ မှိုသတ်ဆေးဖျန်းဖို့ လိုမယ်၊ ကျပြီးသားအခင်းကတော့ မဖျန်းနဲ့တော့ မမီတော့ဘူး။” 

လက်ရှိ နှမ်းစိုက်ဧက ၂ ဧက ခွဲလောက်မှာ ကျရောက်နေတာဖြစ်ပြီး ကျန်တဲ့ နှမ်းစိုက်ခင်းတွေ မကျရောက်အောင် အမြန်ဆုံးကာကွယ်ကြဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စိုက်ပျိုးရေးဆေးသင်တန်းဆင်း ဦးညွန့်ဝေက “ဓာတုဆေးအခေါ်က ကာဆူဂါမိုင်ဇင်ပေါ့၊ ဒီအမည်ကို ဆေးကုမ္ပဏီတွေက နာမည်အမျိုးမျိုးလာတာ အဲဒါရောစပ်ဖျန်းရင်ရတယ် မဖျန်းရင် ကူးစက်မြန်တယ်” လို့ ပြောပါတယ်။

မင်းတုန်းတောင်ခြမ်း ငခူအိုးကွင်း၊ သရက်အုပ်ကွင်း၊ မဲဇလီ၊ လွှာချောင်းဘေးစိုက်ခင်းတွေမှာ ကျရောက်နေပြီး မိုးစွေနေလို့ ဆေးဖျန်းဖို့ ခက်ခဲနေရတယ်လို့လည်း ဒေသခံနှမ်းစိုက် ဒေသခံတောင်သူတဦးက ပြောပါတယ်။

“တောင်ယာနှမ်းတွေမှာ မကျဘူး။ ကိုင်းနှမ်းတွေ ဖြစ်နေတာ၊ ကိုင်းနှမ်းက ကိုယ့်လက်ထဲရောက်မှ ရပြီလို့ တွက်ရတာ ဒုက္ခမျိုးစုံပေးတယ်။ ဆေးဆိုင်ကပြောတဲ့အတိုင်း ဖျန်းဖို့ပဲ၊ မိုးစွေနေတော့ ဖျန်းမရဘူး၊ အဲတော့သူက တခင်းပြီး တခင်းကူးကောင်းနေတယ်” လို့ ပြောပါတယ်။

မင်းတုန်းမြို့နယ်မှာ လွှာချောင်းမထုံးချောင်း၊ ရူချောင်းပဲ၊ မြောက်ချောင်းတွေရဲ့ ကမ်းဘေးက ကိုင်းမြေတွေမှာ မိုးဦးကျ နှမ်းစိုက်ကြပြီး ဆောင်းဦးပေါက်မှာတော့ မြေပဲ၊ ကုလားပဲနဲ့ စားတော်ပဲတွေ စိုက်ပျိုးကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up