ပေါက်မြို့နယ်မှာ ဇူလိုင် ၃၁ ရက်နေ့ မွန်းလွဲပိုင်းမှာ ပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးခဲ့တယ်လို့ PPDF တပ်ဖွဲ့ က ပြောပါတယ်။
ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က ဝန်ခြုံးရွာနဲ့ ပင်ထောင်ရွာကြားမှာ မိုင်းတွေထောင်ထားတာဖြစ်ပြီး ဝန်ခြုံးရွာကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ အဲဒီမိုင်းကို နင်းမိပြီးတော့ ၁၀ ယောက်သေဆုံးခဲ့တယ်လို့ PPDF တပ်ဖွဲ့ဝင်တစ်ယောက်က DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ ပူးပေါင်းပြီးတော့ ဝန်ခြုံးကျေးရွာကို မီးရှို့တာကြောင့် နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ်ထဲမှာ ပင်ထောင်ရွာ၊ ရွာသစ်ရွာနဲ့ ဒီးဒတ်ကွင်းရွာတွေက ပျူစောထီးအဖွဲ့တွေ အားကောင်းတဲ့ရွာဖြစ်ပြီးတော့ ရွာတွေကို မီးရှိုတာမှာလည်း ပါဝင်ပတ်သက်နေပြီး အဲဒီအဖွဲ့တွေကို အကြမ်းဖက်စစ်အုပ်စုက အမြဲတမ်းမစောင့်ရှောက်နိုင်တာကြောင့် PPDF အဖွဲ့က သုတ်သင်ရှင်းလင်းသွားမယ်လို့ ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းမှာလည်း ပင်ထောင်ကျေးရွာ ပျူစောထီးအဖွဲ့က ခေါင်းဆောင် ၃ ယောက်ကို PPDF တပ်ဖွဲ့က သုတ်သင်သတ်ဖြတ်လိုက်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်ကလည်း PPDF တပ်ဖွဲ့က ကြည့်ငိုတောင်မှာ မိုင်းထောင် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅၆ ယောက်သေဆုံးခဲ့ပြီးတော့ PPDF တပ်ဖွဲ့ဝင်တစ်ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။