မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ နယ်မြေ (၇) ရပ်ကွက်က နေအိမ်တလုံးမှာ ဇူလိုင် ၂၉ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်လောက်က ဗုံး ၁ လုံး ပေါက်ကွဲခဲ့ပြီး အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီကို သတင်းပေးနေတဲ့ ဒလန်ဆိုပြီး ဒေသခံတွေက သတ်မှတ်ထားတဲ့ ဦးမောင်အုန်းအိမ်မှာ ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီသတင်းပေးဆိုပြီး ပစ်မှတ်ထား ဗုံးဖောက်ခွဲခံရတာ အစင်ကျေးရွာမှာ အခုတစ်ကြိမ်နဲ့ဆို နှစ်ကြိမ်ရှိပြီလို့ ဆိုပါတယ်။
ရေးမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှု ၁၈ အကြိမ်အထိ ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်း၊ ပညာရေးမှူးရုံး၊ အုပ်ချုပ်ရေးမှူးရုံး၊ စစ်တပ်၊ ရဲစခန်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း နေအိမ်တွေပါ ဗုံးဖောက်ခွဲခံထားရပြီး အနည်းဆုံး လူ ၈ ဦးလောက် ဒဏ်ရာရှိခဲ့ထားပါတယ်။
ဒီနေ့အထိ ဗုံးပေါက်ကွဲ ဖြစ်စဉ်တိုင်းကို ဘယ်အဖွဲ့အစည်းမှ တရားဝင်ဝန်ခံပြောဆိုထားတာ
မရှိသေးပါဘူး။