
မြန်မာ-တရုတ်အဓိကကုန်သွယ်ရေးလမ်းကြောင်း ကွတ်ခိုင်မြို့နဲ့ မူဆယ်မြို့ကြားက စစ်ကောင်စီရဲ့ နမ့်ခိုင်တံတားစခန်းနဲ့ နမ့်ပေါ်တံတားစခန်းတို့ကို နယ်မြေခံ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့တွေက ဇူလိုင် ၂၉ ရက်နေ့ နေ့လယ်ပိုင်းမှာ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတံတားကင်းစခန်း ၂ ခုမှာ စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူစစ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ခရီးသွားပြည်သူအိမ်းစီးကားတွေ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေဆီကနေ့ တရားမဝင်ငွေကြေးတောင်းခံတာတွေ ပြုလုပ်လေ့ရှိပါတယ်။
အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၂ နာရီဝန်းကျင်လောက်ကြာမြင့်ခဲ့ပြီး နှစ်ဖက် ထိခိုက်ဒဏ်ရာရ သေဆုံးတဲ့ သတင်းတော့ မသိရသေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်တဲ့ ၁၀ နှစ်ကျော်ကာလအတွင်း နမ့်ခိုင်နဲ့ နမ့်ပေါ်တံတားကင်းစခန်းတွေကို ဒေသတွင်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်အောက်ခံတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိခဲ့ပါတယ်။
အခုလက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက ကွတ်ခိုင်မြို့နယ်နဲ့ မုံးကိုးမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ KIA (ကချင်)၊ MNDAA (ကိုးကန့်) တပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ဓါတ်ပုံ- ခွန်ဇော်ဦး