Home
မြန်မာသတင်း
ကျောက်မဲခရိုင်၌ ဆေးရုံအုပ်များအပါအဝင် ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်-၁၉ ကူးစက်ခံနေရ
DVB
·
July 28, 2021

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ ပိုများလာပြီး ကျန်းမာရေးဝန်ထမ်း၊ စေတနာဝန်ထမ်းနဲ့ ဆေးရုံအုပ်ကြီးတွေပါ ရောဂါကူးစက်ခံနေရပါတယ်။ 

ကိုဗစ်တတိယလှိုင်းစတဲ့ ဇွန်လကနေ ဒီကနေ့ထိ ကျောက်မဲခရိုင်ထဲက မြို့နယ် ၄ ခုမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၂၀၀ ကျော်ရှိပြီး အဲဒီထဲမှာ ကျန်းမာရေးဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်းတွေ၊ ဆေးရုံအုပ်ကြီးတွေပါ ကူးစက်ခံခဲ့ရတယ်လို့ ကျောက်မဲခရိုင် ဆေးရုံအုပ်နဲ့ ခရိုင်ပြည်သူ့ကျန်းမာရေးဌာန ဒုညွှန်မှူး ဒေါက်တာ ကျော်မိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။ 

“  ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ထဲမှာ ကျန်းမာရေးဝန်ထမ်းက ၁၀  ကျော်ပါပါတယ်၊ အဲဒီမှာ နောင်ချို ၊ သီပေါနဲ့ နမ္မတူမြို့နယ်ဆေးရုံက ဆေးရုံအုပ်တွေကိုယ်တိုင်ကူးစက်ခံရတယ်။ နောင်ချိုနဲ့ သီပေါ ဆေးရုံအုပ်ကတော့ သက်သာသွားပါပြီ။ နမ္မတူဆေးရုံအုပ်ကြီးကတော့ သူနဲ့လိုက်နေတဲ့ အမေနဲ့ အဒေါ်ပါကူးစက်ခံရတယ်။ ဇနီးကရန်ကုန်ကဆရာဝန်ဆိုတော့ ရန်ကုန်ပြန်ပြီး ကုနေကြပါတယ်ခင်ဗျ၊။ လူနာတွေက သူတို့ကိုယ်တိုင် ကိုဗစ်-၁၉ ကူးစက်နေတာကို မသိဘဲ ဆေးရုံကို တခြားရောဂါနဲ့ လာကုတာကြောင့် ဝန်ထမ်းတွေပါ ကူးစက်တယ်။ သူနာပြုဆရာမ ၃ ယောက်ဆိုရင် အရေးပေါ်လူနာကို ၂၄ နာရီ အလှည့်ကျ စောင့်ကြည့်နေရင်းနဲ့က လူနာကနေ ကူးတာရှိတယ်။”

ဒါ့အပြင် ပရဟိတအဖွဲ့က စေတနာ့ဝန်ထမ်းတွေလည်း လူနာသယ်ပို့ရင်း၊ အလောင်းတွေသင်္ဂြိုဟ်ရင်းနဲ့ ကူးစက်ခံရတာ ၂ ယောက်လောက်ရှိပြီး လောလောဆယ် ဆေးကုသမှုခံယူနေရတဲ့ ကျန်းမာရေးဝန်ထမ်းက ၇ ယောက်ရှိတယ်လို့ သိရပါတယ်။

ကျောက်မဲခရိုင်ရှိ  ကျောက်မဲ၊ သီပေါ၊ နောင်ချို နဲ့ နမ္မတူ မြို့နယ် ၄ ခုပေါင်းမှာ ဒီကနေ့ထိ ကိုဗစ် ၁၉ ကူးစက်ခံရသူပေါင်း ၁၂၀၀ ကျော်နဲ့ သေဆုံးသူက ၈၀ ကျော်ရှိပါတယ်။ 

ပိုးကူးစက်ခံရသူတွေ နေ့စဉ်တိုးလာနေတာကြောင့် နမ္မတူဆေးရုံကလွဲလို့ ကျန်တဲ့ဆေးရုံတွေမှာ နေရာမဆံ့တော့ဘဲ အားကစားကွင်း၊ မြို့တော်ခန်းမ စတဲ့နေရာတွေမှာ ကိုဗစ် ကုသရေး စင်တာဖွင့်ထားရပါတယ်။

ကျန်းမာရေးဝန်ထမ်း တချို့  CDM လုပ်ထားတာကြောင့် လူနာနဲ့ ဝန်ထမ်းအင်အားမမျှတကြောင်း၊  လူနာ ၄၀၀ ကျော်ရှိရင် ဆရာဝန်က ၄ ဦး နဲ့ သူနာပြု ၈ ဦးသာရှိလို့ ဆရာဝန် ၁ ဦးလျှင် လူနာ ၁၀၀ ၊ သူနာပြု ၁ ဦးလျှင် လူနာ ၅၀ ခန့် အချိုးကျနဲ့ ပြုစုကုသပေးနေရတယ်လို့ ဆိုပါတယ်။ 

ကာကွယ်ကုသရေးပစ္စည်းတွေကတော့ ကျန်းမာရေးဝန်ကြီးဌာန ၊ တိုင်းစစ်ဌာနချုပ်နဲ့ ပရဟိတအဖွဲ့အစည်း၊ ရပ်မိရပ်ဖ အလှူရှင်တွေက ဝိုင်းဝန်းပံ့ပိုးကူညီထားတယ်လို့ သိရပါတယ်။

ပြည်သူလူထုအနေနနဲ့ ကျန်းမာရေးဌာနက ညွှန်ကြားထားတဲ့အတိုင်း အိမ်မှာပဲနေ၊ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်၊ လက်ကိုခနခနဆေး၊ တဦးနဲ့တဦး ၆ ပေခန့်ခွါပြီးနေ၊ လူစုလူဝေး နေရာတွေရှောင်ရှား စတဲ့အချက်တွေလိုက်နာမှ ကိုဗစ်-၁၉ ကူးစက်မှု လျော့ပါးသွားမှာဖြစ်တယ်လို့ ကျောက်မဲခရိုင်ဆေးရုံအုပ်ကြီးက ပြောပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024