ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ဇူလိုင်လ ၂၅ ရက်နေ့ ညပိုင်းက ဖျာပုံမြို့မရဲစခန်းက ဒုရဲအုပ် ၁ ဦးကို အာဏာသိမ်းစစ်တပ်ဘက်က ဗိုလ်ကြီးအဆင့်ရှိသူနဲ့ တပ်သားတွေက ဝိုင်းထိုးခဲ့တာနဲ့ပတ်သက်ပြီး တိုင်းရဲတပ်ဖွဲ့က စုံစမ်းနေတယ်လို့ သိရပါတယ်။
ဖျာပုံမြို့မရဲစခန်းက ဒုရဲအုပ်ဟာ အာဏာသိမ်းစစ်တပ်နဲ့အတူ ကင်းလှည့်နေစဥ် အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ပြန်အထွက်မှာ ခုလိုဝိုင်းထိုးတာခံခဲ့ရတာဖြစ်ပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက အရာရှိတစ်ဦးက DVB ကို ပြောပါတယ်။
“မနေ့ညကဖြစ်သွားတာတော့ မှန်တယ်။ ဒီမနက် တိုင်းကို သတင်းပို့လာတာ။ ဖြစ်တဲ့အချိန်မှာ ဘေးနားကဝိုင်းဆွဲလို့ ကြီးကြီးမားမား ဒဏ်ရာရတာမျိုးတော့ မရှိဘူးသိရတယ်၊ ဘာကြောင့်ဖြစ်တယ် ဆိုတာကိုတော့ လူကြီးတွေစုံစမ်းနေတုန်းပါ” လို့ ပြောပါတယ်။
ခုလို ကင်းလှည့်နေချိန် အာဏာသိမ်းစစ်တပ်က ဗိုလ်ကြီးနဲ့စစ်အုပ်စုက ဝိုင်းထိုးခဲ့တာကြောင့် နှုတ်ခမ်းကွဲခဲ့သလို လက်တွေနဲ့ ခါးတွေမှာလည်း ဒဏ်ရာတွေရရှိတာဟာ မဖြစ်သင့်တဲ့ကိစ္စ ဖြစ်တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ပြီး ပင်စင်ယူခဲ့သူ ရဲအရာရှိဟောင်းတဦးကတော့ ဒါဟာ အနိုင်ကျင့်ခံရတာဖြစ်ပြီး ရှေ့အဆက်ဆက်မှာလည်း ဒီလိုအနိုင်ကျင့်ခံရတာမျိုးတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
“ဒုရဲမှူးကြီး အဆင့်အားလုံးက ရာနှုန်း ၈၀ လောက်ထိ တပ်ကပြောင်းလာတာ များတယ်။ အဲ့တော့ တစ်ခုခုဆို စစ်တပ်ကို အသေကြောက်ရတာ လက်နက်ကိုင်အချင်းချင်း ခုလို လုပ်တာဟာ အနိုင်ကျင့်တာလို့ မြင်တယ်။ တကယ်ပြဿနာရှိရင် လူကြီးတွေကို တင်ပြပြီး ဖြေရှင်းလို့ရတယ်။ ခက်တာက ရဲဘက်က လူကြီးတွေက စစ်တပ်က ငယ်နိုင်လို့ဖြစ်နေတော့ ဘာမှအရေးယူမှာ မဟုတ်ဘူး။”
ဒုရဲအုပ်တစ်ဦးက အာဏာသိမ်းစစ်တပ်ဘက်က ဝိုင်းထိုးတဲ့အပေါ် တိုင်းရဲတပ်ဖွဲ့က စုံစမ်းတာတွေ ပြုလုပ်နေပေမယ့် ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့ မှတ်ချက်ပြုပြောဆိုပါတယ်။