နေပြည်တော်ဆီးဂိမ်း ဒေသခံ ပရိသတ်အားပေးခြင်း မရှိ

ဆီးဂိမ်းအြကိုဖွင့်ပဲွေန့ ေလ့ကျင့်မှု အခမ်းအနားအား ြမင်ေတွ့ရစဉ်
နေပြည်တော်မှာ ကျင်းပနေတဲ့ ဆီးဂိမ်းအားကစားပြိုင်ပွဲ အကြိုပွဲစဉ်တွေမှာ  ဒေသခံ ပရိသတ်တွေ လာရောက် အားပေးခြင်းမရှိဘဲ   အများစုက   နိုင်ငံဝန်ထမ်းတွေနဲ့  ကျောင်းသားတွေပဲ လာရောက် အားပေးကြည့်ရှုနေကြပါတယ်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့  ဆီးဂိမ်းပြိုင်ပွဲ တရားဝင် စတင် ဖွင့်လှစ်ခြင်း မရှိသေးပေမယ့်   အကြိုအားကစားပြိုင်ပွဲတွေကို  လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက နေပြည်တော်မှာ  စတင်ကျင်းပနေရာမှာ  ဒေသခံပရိသတ်တွေရဲ့  အားပေးမှု နည်းပါးနေတာကို မြင်တွေ့ရတာ ဖြစ်ပါတယ်။ [caption id="attachment_47798" align="alignright" width="300"] ဆီးဂိမ်းအကြိုဖွင့်ပွဲနေ့ လေ့ကျင့်မှု အခမ်းအနားအား မြင်တွေ့ရစဉ်
ဆီးဂိမ်းအကြိုဖွင့်ပွဲ လေ့ကျင့်မှု အခမ်းအနားအား မြင်တွေ့ရစဉ်[/caption] ဒေသခံတွေ  လာရောက်အားပေးခြင်း မရှိတဲ့ အကြောင်းရင်းတွေနဲ့ပတ်သက်ပြီး   နေပြည်တော်မှာ သတင်းယူနေတဲ့ အားကစားကလောင်ရှင် ဦးစိုးညီက  “ကျင်းပတဲ့ ကွင်းတွေက မြို့တွေ လူနေရပ်ကွက်တွေနဲ့ ဝေးတယ်။ အဲဒါ ပထမအချက်ပါ။ နောက်တခုက ၀ါသနာပါလို့ လာမယ်ဆိုရင်လည်း လုံခြုံရေးက အရမ်းတင်းကျပ်ပါတယ်။ ဒုတိယအချက်က ကတ်ပြားဆွဲဖြုတ်ပစ်ပါတယ်။ ကားတွေ ပေးမ၀င်ပါဘူး။ နောက်တချက်က ပြိုင်ပွဲမတိုင်ခင်မှာ ဘယ်နေ့မှာ ဘယ်ပြိုင်ပွဲ ကျင်းပမယ်၊ ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတယ်၊ မြန်မာတွေက ရွှေတွေရနိုင်မယ်၊ အောင်မြင်နိုင်မယ်ဆိုတာမျိုး ပြောတာ မရှိပါဘူး။ အဲဒီအချက်တွေကြောင့်လို့ ကျနော်ထင်ပါတယ်” လို့ ပြောပါတယ်။ အားကစားပြိုင်ပွဲတွေကို ပြည်တွင်းရုပ်မြင်သံကြားဌာနတွေက  တိုက်ရိုက် ထုတ်လွှင့်တာ ကြောင့် တီဗွီကကြည့်တဲ့ ပရိသတ်ပိုများတာလည်း အကြောင်းတချက် ဖြစ်နိုင်ပါတယ်။ နေပြည်တော်၊ လယ်ဝေးမြို့နယ်နေ ဒေသခံတဦးကတော့ ပြိုင်ပွဲကို သွားရောက် အားပေးခြင်း မပြုနိုင်တာနဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။ “ဒေသခံတွေက ကြည့်ပါတယ်။ မကြည့်ဖူး မဟုတ်ပါဘူး။ ဒုတိယနေ့ ဖွင့်ပွဲမှာ လွတ်လွတ်လပ်လပ် ကြည့်ခွင့်ပြုတယ်လို့ ပြောတော့ သွားကြပါတယ်။ သွားတဲ့အခါကြတော့ လူတွေက တိုးကြိတ် လူတွေလဲပြိုပြီးတော့ ကလေးတွေ လူကြီးတွေကို ဆွဲထုတ်ကြရတယ်။ အဲဒီသတင်းတွေကြားလေ၊ သွားလိုက်ရင် အန္တရာယ်ပဲ ရှိတယ်ဆိုတာကြောင့် မသွားကြတာပါ။ အဲဒါကြောင့် ဒေသခံကို ဘယ်လိုပဲပြောပြော ကျနော်တို့က တီဗွီကနေပဲ ထိုင်ကြည့်တယ်ဗျာ။ နောက် အယ်လ်အီးဒီတွေ လုပ်ထားတာ လယ်ဝေးမှာ ၂ ခုရှိတယ်ဗျာ။ ဘောလုံးကွင်းထဲမှာတခု၊ ထိပ်တန်းမှာ တခု အဲဒါကို အားတဲ့အချိန်သွားကြည့်တယ်။” ၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲကို လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ တရားဝင် အခမ်းအနားနဲ့ စတင်ဖွင့်လှစ်ဖို့ ရှိပြီး ၂၂ ရက်နေ့ထိ  ဒေသတွင်း ၁၁ နိုင်ငံက ထောင်နဲ့ ချီတဲ့ အားကစားသမားတွေ ပါဝင် ယှဉ်ပြိုင်ကြဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီနေ့အထိ ပြိုင်ပွဲဝင်အားကစားသမားပေါင်း ၆ ထောင်ကျော် ရောက်ရှိနေပြီး ထိုင်းကစားသမားတွေက အများဆုံး ဖြစ်ပါတယ်။ ရုပ်သံသတင်းသမားတွေအပါအ၀င် သတင်းမီဒီသမား ၆၀၀ ကျာ် ရောက်ရှိ သတင်းယူနေကြတယ်လို့လည်း  သက်ဆိုင်ရာက ပြောပါတယ်။ ပြိုင်ပွဲကျင်းပခဲ့တဲ့ ရက်တွေအတွင်း  သတင်းရယူရေးနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲတခုလဲ နေပြည်တော်မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို ဦးစိုးညီက “ဒီနေ့လုပ်တဲ့ပွဲက ဘာကို အဓိကထား ပြောလဲဆိုတော့ လက်ရှိ ပြိုင်ပွဲကလည်း ဒီနေ့ဆို ၃ ရက်မြောက် ရှိသွားပြီ၊ ပထမ ရှေ့ ၂ ရက်မှာ အဆင်မပြေတာလေးတွေလည်း ရှိခဲ့တယ်။ မီဒီယာသမားတွေလည်း များတယ်။ ဓာတ်ပုံရိုက်လို့ မရတာတို့ ဘာတို့ အဲဒီလို အခက်အခဲလေးတွေနဲ့ ပတ်သက်လို့ ပြောတာပါ။ နောက်တခုက အီးကတ်ကိုင်ဆောင်ထားတဲ့ မီဒီယာသမားတွေအတွက် တည်းခိုနိုင်မယ့် ဟိုတယ်တွေ ကြေညာပေးပါတယ်။ ဟိုတယ် ၆ ခုပါ။ ဟိုတယ် ၆ ခုမှာ မီဒီယာ အီးကတ်ကိုင်ထားရင် သက်သာတဲ့ ဈေးနှုန်းနဲ့ တည်းလို့ရမယ်လို့ ပြောပါတယ်။ ဟိုတယ် ၆ ခုမှာ အခန်း ၂၆၀ စီစဉ်ပေးထားတယ်လို့ ပြောပါတယ်။ နောက် ပို့ဆောင်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ပြောပါတယ်။ ကွင်းထဲကို ကားဝင်ခွင့်တို့ ဘာတို့ကို ပြင်ပ ပုဂ္ဂလိက မီဒီယာအားလုံးကို ဘယ်မီဒီယာကိုမှ ထုတ်မပေးပါဘူး။ ကိုယ်ပိုင် အစီအစဉ်နဲ့ သွားရပါ့မယ်။  ပြည်တွင်း မီဒီယာကော ပြည်ပ မီဒီယာကောပါ၊ အဲဒါကို တရားဝင်ပြောပါတယ်။ မီဒီယာနဲ့ ပတ်သက်လို့ပဲ အဓိက ရှင်းတာပါခင်ဗျ။ ပြိုင်ပွဲနဲ့ ပတ်သက်လို့ ပြောတာမဟုတ်ပါဘူး” လို့ ပြောပါတယ်။ ဆီးဂိမ်းပြိုင်ပွဲကို မြန်မာ့ရိုးရာ  ခြင်းလုံးအားကစားနဲ့   စတင် ကျင်းပခဲ့ပြီး  ကျင်းပခဲ့တဲ့ ၂ ရက်အတွင်း ထိုင်းက  ရွှေ ၂ ခု၊ ငွေ ၂ ခုနဲ့  နိုင်ငံအလိုက် ဦးဆောင်နေပြီး မြန်မာက ရွှေ ၂ ခုနဲ့ ဒုတိယလိုက်နေပါတယ်။

More News
Up