ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့မှာ ဇူလိုင်လ ၂၇ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၃ လုံး သစ်ပင်ပိခဲ့တယ်လို့ သိရပါတယ်။
ညနေ ၄ နာရီကျော်လောက် မိုးသည်းထန်စွာ ရွာသွန်းပြီး ထူးကြီးမြို့အတွင်းက ကျေးရွာတချို့ နေအိမ် အမိုးလန်တာတွေလည်း ရှိခဲ့တယ်လို့ ထူးကြီးမီးသတ်စခန်းက တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“မိုးရော လေရောဆိုတော့ တော်တော်ဆိုးသွားတာ။ အမိုးလန်တာတွေလည်း များတယ်။ အိမ်ပိတာတော့ ဆိုးသွားတယ်။ ကျနော်တို့စခန်းက ချက်ချင်း သွားဖယ်ပေးနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၃ လုံးပေါ် သစ်ပင်ကြီးပိခဲ့ပေမယ့် လူသေဆုံးထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဟင်္သာတခရိုင်အတွင်းက မြို့နယ်တွေမှာ မနေ့က တရက်တည်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၅၀၀ ကျော် ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။