Live
Home
ရုပ်သံ
မြဝတီမြို့တွင် ဆိုးဆိုးရွားရွား ရေနစ်မြုပ်၊ အရေးပေါ်အကူအညီများ လိုအပ်
DVB
·
July 27, 2021

ကရင်ပြည်နယ် မြဝတီမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက်တွေအပါအဝင် နေရာတော်တော်များများ ဆိုးဆိုးရွားရွား ရေနစ်မြုပ်နေပြီး ရေဘေးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

ဇူလိုင် ၂၆ ရက် ညပိုင်းကစတင်ပြီး သောင်ရင်းမြစ်ရေ ရုတ်တရက်မြင့်တက်လာပြီး ရေစီးကြမ်းလာတဲ့အတွက် အမှတ် ၁၊ ၂ နဲ့ ၅ ရပ်ကွက်က ပြည်သူ ၁၀၀၀ လောက် ယာယီကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားတဲ့ ကျွန်းတောရပ်က စာသင်ကျောင်း ၂ ကျောင်းမှာ သွားရောက်ခိုလှုံနေရတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အမှတ် ၁ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက "ရေအတက်က မြန်တဲ့အပြင် ရေစီးကလည်း ကြမ်းတယ်။ ဘာမှ ယူချိန်မရဘူး။ ဒါကြောင့် ညတွင်းချင်းပဲ ရွှေ့ပြောင်းခဲ့ရတယ်” လို့ ပြောပါတယ်။

မနေ့ညပိုင်းမှာ ပရဟိတအဖွဲ့တွေ၊ ရပ်ကွက်ကလူတွေ  စက်လှေတွေနဲ့ ရောက်လာပြီး ရေဘေးဒုက္ခသည်တွေကို ကူညီရွှေ့ပြောင်းပေးတာ ပြုလုပ်ပေးခဲ့တယ်လို့ မြဝတီမြို့ အမှတ် ၂ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ခန့်မှန်းခြေ အိမ်ခြေ ၁ ထောင်ကျော်လောက်ရှိမယ်၊ ရေနစ်နေတာ၊ လူတရပ်မကဘူး ဝါးတပြန်ကျော်လောက် မြုပ်နေတာ။ မနေ့ညက ကူညီပေးဖို့ အော်သံတွေလည်း ကြားရတယ်။ ကျမတို့က သုံးထပ်တိုက်ဆိုတော့ တော်သေးတယ်။”

ဒီဗွီဘီက ရရှိတဲ့ ရုပ်သံဖိုင်ထဲမှာလည်း အမှတ် ၂ ရပ်ကွက်မှာ ပရဟိတအဖွဲ့တခုက စက်လှေနဲ့ ကူညီကယ်ဆယ်ရေး လိုက်လုပ်နေတာ တွေ့ရပါတယ်။

သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာ ကျော်လွန်ပြီး ၁၂၀၆ စင်တီမီတာကို ကျော်လွန်ရောက်ရှိနေတာဖြစ်ပါတယ်။

မိုးအဆက်မပြတ် သွန်းမှုတွေကြောင့် သောင်းရင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ကျော်လွန်ရောက်ရှိနေတဲ့အတွက် မြေအနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ရေလွတ်ရာ အမြင့်ပိုင်းကို ရွှေ့ပြောင်းနေထိုင်ဖို့ ကရင်ပြည်နယ် မိုးဇလဌာနက သတိပေးနှိုး​ထားပါတယ်။

ဓာတ်ပုံ - Myat Su Naing Kyi

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024