တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အင်းနီရွာမှာ ဇူလိုင် ၂၅ ရက် မွန်းလွဲ ၂ နာရီလောက်က မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် မြေပြိုပြီး လူနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမျိုးသမီး ၃ ဦး မြေပိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သလို လူနေအိမ် ၅ လုံးပျက်စီးခဲ့ပါတယ်။
"ထိခိုက်သွားတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် မိုးသည်းလို့ အိမ်ထဲကိုဝင်ပြေးတာ သူဝင်ပြေးတဲ့အိမ်က တောင်ပြိုပြီး မြေပိနေတာ လည်ပင်းအထိရောက်တယ်။ မနည်း ဆွဲထုတ်ယူရတယ်။ လူ ၃ ဦးနဲ့ နေအိမ် တချို့ ပျက်စီးသွားတယ် "လို့ အင်းနီးရွာသားက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရှိခဲ့သူ ၃ ဦးကို လောင်းလုံပြည်သူဆေးရုံမှာ ဆေးကုသမှုခံယူနိုင်ဖို့ လူမှုကူညီရေးအသင်းတွေက အရေးပေါ် ပို့ဆောင်ပေးခဲ့ပါတယ်။
ပျက်စီးဆုံးရှုံးသွားတဲ့ နေအိမ်တွေအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှု ထောက်ပံ့ကြေးအဖြစ် NLDအစိုးရလက်ထက်က ကူညီထောက်ပံ့ခဲ့ ပေမယ့် စစ်ကောင်စီ လက်ထက်တော့ မသိဘူးလို့ ပျက်စီးဆုံးရှုံးခဲ့တဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။
တနင်္သာရီတိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်တချို့နဲ့ အနိမ့်ပိုင်းရပ်ကွက်တချို့ ရေကြီးရေလျှံတဲ့အပြင် ကမ်းရိုးတန်းသွား အဝေးပြေးလမ်းမကြီးပေါ် ရေကျော်ခဲ့ပါတယ်။