Home
မေးမြန်းခန်း
အမျိုးသမီးဘောလုံးအသင်း အောင်မြင်ရေး ပရိသတ်အားပေးမှုလိုတယ် – ဦးသန်းတိုးအောင်
ရွှေအောင်
·
December 5, 2013
ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် မြန်မာအမျိုးသမီးဘောလုံးအသင်း အောင်နိုင်ရေးအတွက် ပရိသတ်အားပေးမှု ၁၀၀ ရာခိုင်နှုန်းလိုတယ်လို့ အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင်က ပြောပါတယ်။ အမျိုးသမီးဘောလုံးအသင်း အားနည်းချက်အနေနဲ့ နိုင်ငံခြား အမျိုးသမီး ဘောလုံးအသင်းတွေနဲ့ ခြေစမ်းပွဲ ကစားခွင့် မရခဲ့တာပဲလို့ ဆိုပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ ဒေသတွင်းမှာ ကောင်းတယ်၊ ကောင်းတယ်နဲ့ ရွှေတံဆိပ် တခါမှ မရဖူးတာမို့ ကိုယ့်မြေကိုယ့်ရေမှာ ရွှေတံဆိပ်ရအောင် ကြိုးစား ကစားကြဖို့ မှာထား တယ်လို့လည်း ပြောပါတယ်။ မြန်မာအမျိုးသမီးဘောလုံးအသင်းရဲ့ အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်း ထားပါတယ်။ မြန်မာအမျိုးသမီးအသင်းရဲ့ လက်ရှိအနေအထား ပြောပြပေးပါ။ “ပြီးခဲ့တဲ့ ခြေစမ်းပွဲတွေ မန္တလေးက အကယ်ဒမီ ၁၄ နှစ်အောက် ကလေးတွေနဲ့ ကစားတော့ သိပ်မသွက်သေးဘူး။ အားရစရာက မနေ့ညနေက ခြေစမ်းပွဲပေါ့။ အရင်တုန်းကလို ပွတ်ကာသီကာနဲ့ ၃-၂ ဂိုးတို့လိုမဟုတ်ဘဲ ၅-၂ ဂိုးနဲ့ နိုင်တယ်။ ကလေးတွေလည်း သွက်သွက်လက်လက် အနေအထား ရလာတယ်။ အရင်တုန်းကတော့ သူတို့ကို လေ့ကျင့်ခန်းတွေ မောင်းထားတယ်။ အခုက ပြိုင်ပွဲနီးတော့ လေ့ကျင့်ခန်း လျော့ပြီး လုပ်တယ်။ ပြိုင်ပွဲအတွက် ပြင်ဆင်တဲ့နေရာမှာတော့ မနေ့က နောက်ဆုံးအနေနဲ့ ခြေစမ်းပွဲကစားတာ မဆိုးဘူး။ လိုချင်တဲ့ ပုံစံလေးတွေတော့ ရလာပြီ။”   ကျနော်တို့ ကြားတာက မြန်မာအမျိုးသမီးဘောလုံးအသင်းကို ကိုရီးယား၊ ဂျပန်နဲ့ တရုတ်တို့ကို လွှတ်ပြီး စခန်းသွင်းလေ့ကျင့်မယ်ဆိုတာ အဲဒီ အစီအစဉ် ပျက်သွားတယ်လို့ သိရတယ်။ ဘယ်လိုဖြစ်တာလဲ။ “ပထမတော့ ကျနော်တို့က ဂျပန်နိုင်ငံ အိုဆာကာမှာ သွားကျင့်တယ်။ ကျင့်ပြီး ပြန်လာတော့ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ ၀င်တယ်။ အဲဒါ ပြီးတဲ့အခါမှာ ကျနော်တို့ နိုင်ငံခြားခရီးစဉ် ဂျပန်နဲ့ တောင်ကိုရီးယားကို သွားပြီး လေ့ကျင့်တယ်။ ပြီးတော့ အဲဒီအချိန်မှာ ကျနော်တို့ တာဝန်ပေးတယ်။ ဩစတြေးလျကို သွားဖို့ စီစဉ်တော့ ဩစတြေးလျက လက်ခံတယ်။ တကယ်တမ်း သွားမယ့်အချိန်ကျတော့ ကုန်ကျစရိတ်က အတော် ကုန်ကျမှာ ဖြစ်ပြီး ၂ ပွဲလောက်ပဲ ကစားရမှာ ဖြစ်တဲ့အတွက် ကုန်ကျစရိတ် အရမ်းများနေလို့ မလွှတ်ဖြစ်တော့ပဲ တောင်ကြီးမှာ သွားလေ့ကျင့် ဖြစ်တယ်။ အားနည်းချက်အနေနဲ့ ပြိုင်ပွဲအကြို ပြင်ဆင်မှုအနေနဲ့ နိုင်ငံခြား အမျိုးသမီးအသင်းတွေနဲ့ ခြေစမ်းခွင့်မရတာ အားနည်းချက် ရှိတယ်။” အုပ်စုတွင်းအခြေအနေအရ မြန်မာရဲ့ အခြေအနေက အုပ်စုပထမ ရနိုင်ပါ့မလား။ “အုပ်စုပထမ ရနိုင်မလားဆိုတော့ နောက်ဆုံး ဗီယက်နမ်နဲ့ပွဲက အဆုံးအဖြတ် ပေးလိမ့်မယ်။  ဘာလို့လဲဆိုတော့ ကျနော်တို့က ဖိလစ်ပိုင်ရော ၊ အင်ဒိုနီးရှားကိုရော နိုင်မှာပါ။ ဗီယက်နမ်ကလည်း ကျနော်တို့လို နိုင်မှာပဲ။ နောက်ဆုံး ကျနော်တို့ တွေ့တဲ့အခါမှာ ကျနော်တို့ ဗီယက်နမ်ကို နိုင်ရင် ပိုကောင်းတာပေါ့။” ရန်ကုန်မှာ ကစားသွားတဲ့ ပွဲစဉ်တခုမှာ ကျနော်တို့ မြန်မာအမျိုးသမီး ဘောလုံးအသင်းက ဗီယက်နမ်အသင်းကို ရှုံးခဲ့တယ် မှတ်လား။ အခုကော ဗီယက်နမ်ကို နိုင်နိုင်ပါ့လား။ “နိုင်ဖို့ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တော်တော်ကြိုးစားပြီးတော့ ကန်ရမှာပေါ့။ အာဆီယံ ချန်ပီယံလိခ် အသင်းထက်တော့ နည်းနည်းတော့ ပိုတက်လာတော့ပေါ့။ အလားတူပဲ ဗီယက်နမ်အသင်းကလည်း ခြေတက်လာတာပဲ။ ကျနော်တို့က ဖိလစ်ပိုင်ကို ဂိုးများများသွင်း နိုင်ရင် ကောင်းမယ်။ တိုက်စစ်ပိုင်းမှာ သူတို့က သာတာပေါ့ဗျာ။ တကယ်လို့ ဂိုးများများ မသွင်းနိုင်ရင် နောက်ဆုံးပွဲမှာ သရေကစားရင်တောင် ဗီယက်နမ်က အုပ်စုဗိုလ် ဖြစ်သွားမယ့် အနေအထားမျိုး တွေ့ရတယ်။ ကံကောင်းချင်လို့ ကျနော်တို့က သူ့ကိုသာ အုပ်စုနောက်ဆုံးပွဲမှာ နိုင်ခဲ့ရင်တော့ ကျနော်တို့ သေချာပေါက် အုပ်စုဗိုလ် ဖြစ်မှာပေါ့။ အဲဒီတော့ ပထမ ၂ ပွဲမှာ ဂိုးများများ ရဖို့ လိုတာကိုး။” အခုလက်ရှိ မြန်မာအမျိုးသမီးအသင်းမှာ ဒဏ်ရာ ပြဿနာတို့ဘာတို့ ရှိလား။ “ဒဏ်ရာ ပြဿနာကတော့ အဓိက ကစားသမား နံပါတ် ၁၀ ခင်မာထွန်းကတော့ မနေ့ကပွဲမှာ ပေါင်းအရင်းစုံမှာ နည်းနည်းနာသွားတယ်။ ဒါပေမယ့် အဲဒါကတော့ ပြိုင်ပွဲစရင် ပြန်မီမှာပါ။ အဲဒါက လွှဲပြီးတော့ အခြား ဒဏ်ရာ ပြဿနာ အကြီးကြီးမရှိဘူး။” အခုရွေးထားတာ ပြီးခဲ့တဲ့လက အာဆီယံ ချန်ပီယံရှစ် ကန်တဲ့ ဗီယက်နမ်အသင်းမှာ ပါတဲ့ လူတွေ ချည်းပဲလား။ “အခုရွေးထားတာ အာဆီယံရှစ်မှာ ပါတဲ့အပြင်ကို အသက် ၁၉ နှစ်အောက် လူငယ် လက်ရွေးစင် အမျိုးသမီး အားကစားသမား ၃၊ ၄ ဦးလောက်ပါပါတယ်။” ဒီ ဆီးဂိမ်းမှာ မြန်မာအသင်းရဲ့ အဓိက ပြိုင်ဘက်ဖြစ်မှာက ဗီယက်နမ် အသင်းလား။ ထိုင်းအသင်းလား။ “ကျနော်တို့ရဲ့ အဓိက ပြိုင်ဘက်က ဗီယက်နမ်နဲ့ ထိုင်း ဒီ ၂ သင်းလုံးဗျ။” အဲဒီမှာ ဘယ်အသင်းက ပိုပြီး ဒုက္ခပေးနိုင်သလဲ။ “နှစ်သင်းလုံး ဒုက္ခပေးနိုင်တယ်။ ဗီယက်နမ်က စိတ်ဓာတ်အင်မတန် ပြင်းထန်တဲ့ အသင်းဆိုတော့ သူလည်း ဒုက္ခပေးနိုင်သလို ထိုင်းက ကျနော်တို့ဆီကို ရည်ရွယ်ချက်နဲ့ လာတာခင်ဗျ။ ထိုင်းက အထူးသဖြင့် ဘောလုံးကို ရွှေတံဆိပ်ရအောင် ယူမယ်လို့ အဲဒီ စိတ်ဓာတ်နဲ့ လာတာခင်ဗျ။” မြန်မာအမျိုးသမီး အသင်း မြန်မာ့မြေပေါ်မှာ အောင်ပွဲရအောင် ပရိသတ်အား ဘယ်လောက်လိုလဲ။ “ပရိသတ်အားကတော့ ၁၀၀ ရာခိုင်းနှုန်းအပြည့် လိုတယ်။ နောက်တခါ ဒိုင်လူကြီးတွေရဲ့ ဖေးမမှုကလည်း အိမ်တွင်း အားသာချက်ပေါ့၊ ကျနော်ပြောတာက ဥပဒေဘောင်ကတည်းကပဲ လှလှပပ မျှမျှတတလေး လုပ်ပေးနိုင်ရင် အခြေအနေ ကောင်းသွားနိုင်တာပေါ့။ နောက်တခုက မြန်မာအမျိုးသမီးအသင်း ကောင်းတယ်ဆိုတဲ့အသံ ကြားရတယ်။ ဒါပေမယ့် အရှေ့တောင် အာရှမှာ တခါမှ ချန်ပီယံမဖြစ်ဖူးဘူးလို့ ဘယ်မှာလဲ ချန်ပီယံ ဆိုတာ ဒီနှစ် ပြပါလို့ ကျနော်လည်း ပြောထားတယ်။” မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ လာမယ့် ဒီဇင်ဘာ ၁၀ ရက်မှာ ဖိလစ်ပိုင်အသင်းနဲ့ ပွဲဦးထွက် ကစားရမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့နဲ့ တအုပ်စုတည်း ကျရောက်နေပြီး ပရိသတ်အားပေးမှုနဲ့ ပထမရွှေတံဆိပ် ရနိုင်တယ်လို့ အားကစားကလောင်ရှင်တွေက ခန့်မှန်းသုံးသပ်ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024