ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ထီးသာစောကျေးရွာအုပ်စု လိုခါးပလိုကျေးရွာအနီး မှာ စစ်ကောင်စီ တပ်တွေနဲ့ ကေအန်ယူ တပ်မဟာ ၂ တို့ ဇူလိုင် ၂၄ ရက် မနက် ၈ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ခလရ ၂၆ တပ်နဲ့ ကေအန်ယူ လက်အောက်ခံ တပ်မဟာ ၂ တို့ ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း ထိတွေ့ပစ်ခတ်မှု နာရီဝက်ခန့်ကြာဖြစ်ပွားခဲ့ပြီး ထိခိုက် ကျဆုံးသူအရေအတွက်တော့ အတည်မပြုနိုင်သေးဘူးလို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။
တပ်မဟာ ၂ တောင်ငူခရိုင် ဥက္ကဋ္ဌ ဖဒို စောအယ်ဝါးက” မြေပြင် ဖြစ်စဥ်က ကျနော်တို့ဆီ အကြောင်းကြားလာတာ မရှိဘူး၊ ထွေထူးပြောလို့တော့ မတတ်ဘူး။ ဒါပေမဲ့ ဘယ်လောက်မှန်လဲဆိုတာကတော့ သက်ဆိုင်ရာစစ်ဖက်ဆိုင်ရာက သေချာအောင် ကွန်ဖန်လုပ်နေတယ်လို့တော့ ထင်တယ်။ တရားဝင်တက်လာတာတော့ မရှိဘူး” လို့ ပြောပါတယ်။
ဒေသခံပြည်သူတွေဟာ နှစ်ဖက်တိုက်ပွဲကြောင့် စိုးရိမ်ထိတ်လန့်ပြီး နေရပ်စွန့်ခွာ တိမ်းရှောင်နေရသလို မိုးတွင်းကာလ နေထိုင်ရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တိမ်းရှောင်နေရတဲ့ ဒေသခံတွေက ဆိုပါတယ်။