မြန်မာအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့်ပူးပေါင်းရန် တာဝန်ရှိဟုဆို
DVB
·
December 5, 2013
မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်တွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ အင်ဒိုနီရှားနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ညီလာခံကို တက်ရောက်နေတဲ့ ကုန်သွယ်ရေးဝန်ကြီးက ဒီနေ့ ပြောဆိုလိုက်ပါတယ်။
[caption id="attachment_47718" align="alignright" width="300"] ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်[/caption]
“မြန်မာနိုင်ငံအနေနဲ့ WTO အဖွဲ့ဝင်တွေနဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ ကမ္ဘ့ာ ကုန်သွယ်မှုစနစ်နဲ့ ဆီလျော်ပြီး လုပ်ငန်းစဉ်အထဲမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနိုင်ဖို့၊ ပြီးတော့ ရှေ့ဆက်အောင်မြင်အောင် ဆောင်ရွက်ဖို့ပါ” လို့ ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
ဆွေးနွေးပွဲမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၉ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး ကမ္ဘာ့ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွေကို ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံအသီးသီးက ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ အစီရင်ခံစာတွေကို ဖတ်ပြီး အစားအစာ ထောက်ပံ့မှုနဲ့ ကုန်သွယ်ရေး စီမံခန့်ခွဲရေးကိစ္စတွေကို ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။
ဒီအရေးကြီးတဲ့ အစည်းအဝေးထဲမှာ နယ်စပ်ဖြတ်ကျော်ရေး အခွန်အခတွေ၊ လျင်မြန်တဲ့ ကုန်ပစ္စည်း အပြောင်းအလဲ ဆောင်ရွက်မှုတွေနဲ့ ကြိုတင်ခန့်မှန်းလို့ရတဲ့ အကောက်အခွန် ဆောင်ရွက်မှု နည်းလမ်းကိစ္စတွေကို ဒီဆွေးနွေးပွဲမှာ ဘုံသဘောတူညီမှုတွေရမယ်လို့ WTO အဖွဲ့က မျှော်လင့်ထားပါတယ်။
ဆွေးနွေးပွဲကို ဒီဇင်ဘာ ၃ ရက်နေ့ ကနေ ၆ ရက်နေ့ အထိ ၄ ရက်အကြာ ကျင်းပမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်ကတည်းက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်အစောပိုင်းမှာ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံရုံးခွဲကို နေပြည်တော်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။