Home
မြန်မာသတင်း
ဘားအံမြို့ ကိုဗစ်လူနာများအတွက် အောက်ဆီဂျင်အိုး လိုအပ်နေ
DVB
·
July 25, 2021

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ကိုဗစ် - ၁၉ ရောဂါကူးဆက်ခံရထားတဲ့ လူနာတွေအတွက် အောက်ဆီဂျင်အိုး မလုံလောက်ဘူးလို့ အောက်စီဂျင်ရရှိရေးနဲ့ စက်ရုံဖြစ်မြောက်ရေး ဥက္ကဋ္ဌ ဦးသိန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

မျိုးရိုးဗီဇပြောင်း ကိုဗစ် -၁၉ ရောဂါကူးဆက်ခံရသူများပြားလာတဲ့အတွက် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး ၅၀ လောက်ကိုဖြန့်ဝေနေပေမယ့် နေ့စဥ် လာရောက်ထုတ်ယူသူ ၁၀၀ ကျော်ရှိနေတဲ့အတွက် အောက်ဆီဂျင်လိုအပ်ချက်တွေ ရှိနေတာပါ။

လိုအပ်နေတဲ့ အောက်ဆီဂျင်တွေကို မြဝတီနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းကနေ တဆင့် ပြန်လည်ဝယ်ယူနေရတာဖြစ်လို့ သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲတွေရှိနေပေမယ့် လူနာတွေအတွက် အတတ်နိုင်ဆုံး အဆင်ပြေအောင်လုပ်ဆောင်ပေးသွားမယ်လို့ ဦးသိန်းနိုင်က ပြောပါတယ်။

“လိုအပ်ချက်ကတော့ မပြည့်နိုင်ဘူး။ လက်ရှိဆေးရုံတွေမှာလည်း မလုံလောက်ဘူး။ တချို့အိမ်တွေမှာဖြစ်လို့ ရှုတဲ့လူတွေ မလောက်ငဖြစ်နေတာပေါ့။ အတတ်နိုင်ဆုံးတော့ လူနာဆီရောက်အောင် လုပ်ပေးနေတယ်”

လတ်တလော ရောဂါပိုးတွေ့ရှိမှု အများဆုံးမြို့တွေကို  Home Stay မြို့တွေအဖြစ် သတ်မှတ်ထားပေမယ့် ရောဂါပိုးတွေ့ရှိမှုက တိုးပွားလာနေစဲမို့  စစ်ကောင်စီရဲ့ဆောင်ရွက်ချက်တွေအပေါ် ဒေသခံတွေရဲ့ ဝေဖန်မှုတွေရှိနေပါတယ်။ 

ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက "အမေအတွက် နေ့စဥ် ထုတ်နေရတယ်။ အမေက အောက်ဆီဂျင်နဲ့ အသက်ရှင်နေတာ။ စစ်ကောင်စီကို အားကိုးနေရင် သေတာကြာပြီ။ ပြည်သူအတွက်ဆိုတာ သူတို့မှာမရှိဘူး။ ကိုယ့်ဖြစ်ကိုယ်ခံပဲ။ မြို့ခံတွေရဲ့ စေတနာတွေကြောင့် လူနာတွအသက် ရှင်နေရတာ"လို့ ဆိုပါတယ်။

အောက်ဆီဂျင်လိုအပ်ချက် ဖြည့်ဆည်းနိုင်ဖို့ ၁ နာရီ ၄၀ လီတာအိုး ၄ လုံး ထွက်ရှိနိုင်တဲ့ ကျပ်သိန်း ၇၅၀ တန်ဖိုးရှိတဲ့ ရွေ့လျားအောက်ဆီဂျင်စက် ၁ လုံးမှာယူထားပြီးဖြစ်တယ်လို့ စက်ရုံဖြစ်မြောက်ရေး ကော်မတီတာဝန်ရှိသူက ဆိုပါတယ်။

ဒါ့အပြင် ပြည်နယ် စစ်ကောင်စီက ရွေ့လျားအောက်စီဂျင်စက် ၂ လုံးနဲ့ တနေ့ကို အလုံး ၃၀၀ ကျော်ထွက်ရှိမယ့် ကျပ်သိန်း ၂၅၀၀ တန် အောက်ဆီဂျင်စက်ကြီးကို မှာယူထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀၀၀ ကျော် နဲ့  သေဆုံးသူ ၄၀ ကျော်ရှိကာ ကူးဆက်ခံထားရပြီး အတည်မပြုရသေးတဲ့လူနာတွေ အများအပြားရှိနေတယ်လို့  တာဝန်ရှိသူက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024