အင်းစိန်ထောင်တွင်း ဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်တပ်ကဝင်ရောက် အကြမ်းဖက် ပစ်ခတ်နှိမ်နင်းရာမှာ အကျဉ်းသား အယောက် ၂၀ လောက် သေဆုံးသွားတယ်လို့ စစ်တပ်ထိပ်ပိုင်းနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
ဆန္ဒပြတဲ့ အကျဉ်းသားတွေကို စစ်တပ်က ပစ်ခတ်ခဲ့ရာမှာ အမျိုးသမီး အကျဉ်းသား ၅ ယောက် အပါအဝင် အယောက် ၂၀ လောက်သေဆုံးသွားတာဖြစ်ပြီး အင်းစိန်ထောင်ရဲ့ စီမံအုပ်ချုပ်ရေး တာဝန်တွေအားလုံးကိုလည်း စစ်တပ်က ယူထားတယ်လို့လည်း ပြောပါတယ်။
ဒီဖြစ်စဉ်မှာ ပါဝင်တဲ့ အကျဉ်းထောင်ဝန်ထမ်းတွေလည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ကလည်း အင်းစိန်ထောင်တွင်းဝင်ရောက်ခွင့် တောင်းခံထားပေမဲ့ ဝင်ရောက်ခွင့်မရသေးပါဘူး။
ရန်ကုန်တိုင်း၊ အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ကတော့ အင်းစိန်ထောင်မှာ စစ်တပ်ကဝင်ရောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကိုရိုက်နှက် တိုက်ပိတ်တဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း ဒီဗွီဘီရဲ့ မေးမြန်းချက်ကို ငြင်းဆိုပါတယ်။
ဇူလိုင် ၂၃ ရက်မနက်ပိုင်းက အင်းစိန်ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေက ထောင်ထဲမှာ ဖျားနာသူတွေများနေပြီး ဆေးဝါးကုသမှုမလုံလောက်တာ၊ ရာဇဝတ်အသေးအဖွဲအမှုတွေကို လွှတ်ပေးပြီး ပုဒ်မ ၅၀၅(က) တွေကို လွှတ်မပေးတာ၊ ထောင်ထဲမှာ စည်းကမ်းတင်းကျပ်မှုများလာတာ စတဲ့အချက်သုံးချက်ကို အမြန်ဆုံးဖြေလျှော့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အင်းစိန်ထောင်အတွင်းက နိုင်ငံရေးသမားတွေကိုထားတဲ့ သီးသန့်ထောင် အမျိုးသမီးဆောင်ကနေ စတင်ပြီး နိုင်ငံရေးကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်မှုတွေဖြစ်ပွားခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
ဆန္ဒပြရာမှာပါဝင်တဲ့သူတွေကို စစ်ကောင်စီက အကြမ်းဖက်ရိုက်နှက်မှာကို လူ့အခွင့်အရေးသမားတွေနဲ့ နိုင်ငံတကာသံရုံးတွေက စိုးရိမ်နေကြပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ကလည်း ထောင်တွင်းမှာ ကိုဗစ်အရေးအတွက် အကူအညီပေးခွင့်ရဖို့ ဇူလိုင် ၂၄ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်တောင်းဆိုထားပါတယ်။