
ဆိုင်းပညာရှင်ကြီး အကယ်ဒမီ စိန်မွတ္တား၊ မဟာရန်ကုန် ဂျက်စတင်းတို့ဟာ ခုရက် ပိုင်းတွေမှာပဲ ဆက်တိုက်ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံကျော် ဂီတစာဆို၊ ထပ်ဆင့်အကယ်ဒမီ အသက် ၇၀ အရွယ် ဆိုင်းဆရာကြီး စိန်မွတ္တားကတော့ ဒီကနေ့ ဇူလိုင် ၂၄ ရက် မနက် ၈ နာရီလောက်က မန္တလေးမြို့က ပုဂ္ဂလိက ဆေးရုံတခုမှာ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့တာဖြစ်ပြီး မဟာရန်ကုန် ဂျက်စတင်းကတော့ မနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ဆိုင်းပညာရှင်တယောက်ဖြစ်တဲ့ စိန်ဒူးဝါးကတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလိုရေးသားမျှဝေထားပါတယ်။
“မနေ့က နိုင်ငံကျော် မဟာရန်ကုန် ဂျက်စတင်း… ဒီနေ့ နိုင်ငံကျော် မန္တလေးက ထပ်ဆင့် အကယ်ဒမီ ဂီတစာဆို အကို စိန်မွတ္တား… လူလောကက ထွက်ခွာသွားကြပြီ… နောက်ဆုံးခရီး လိုက်ပါပို့ဆောင်ခွင့်တောင်မရပါလား… မိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲရပါတယ် ကောင်းရာသုဂတိလားကြပါစေ… သေခြင်းတရားကို မလွန်ဆန်နိုင်လို့ ကိုယ့် အလှည့်ဘယ်တော့လည်း စောင့်နေကြရတာပါလား”
ဆိုင်းပညာရှင်ကြီး ဦးစိန်မွတ္တားဟာ ၂၀၀၄ ခုနှစ်က ပန်းဒဏ္ဍာရီ ဇာတ်ကားနဲ့ ရုပ်ရှင်တေးဂီတဆု၊ ၂၀၀၇ ခုနှစ်က ကိုးဆယ်ဆ သာလိမ့်မည် ရုပ်ရှင်ဇာတ်ကားမှာ ရုပ်ရှင်တေးဂီတဆု တို့ကို ရရှိခဲ့ပါတယ်။
ဒီနာရေးသတင်းနဲ့ ပတ်သက်ပြီး ချစ်ခင်ရတဲ့ အနုပညာရှင်တွေ သေဆုံးမှုအတွက် ပရိသတ်တွေကတော့ အနုပညာရှင်တွေကပါ ဝမ်းနည်းစိတ်မကောင်းကြောင်း မျှဝေရေး သားနေကြတာကို တွေ့ရပါတယ်။