ဆီးဂိမ်းအတွက် တရုတ်က ဒေါ်လာ ၃၅ သန်း ကူညီ
DVB
·
December 5, 2013
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကျင်းပနိုင်ရေးအတွက် တရုတ်အစိုးရကနေ ယွမ်ငွေ ၂၁၂ သန်းနဲ့ ညီမျှတဲ့ ဒေါ်လာ ၃၅ သန်း အကူအညီ ပေးထားတယ်လို့ တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန ပြည်ပ အကူအညီပေးရေးဌာနရဲ့ ညွှန်ချုပ် မစ္စတာ ဝေါင်ရှမ်ဝင် က ပြောပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ ရန်ကုန် ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်း တရုတ်- မြန်မာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
တရုတ်အနေနဲ့ ဆီးဂိမ်း ဖွင့်ပွဲ၊ ပိတ်ပွဲနဲ့ အခြား အစီအစဉ်တင်ဆက်မှု၊ နည်းပညာ ပံ့ပိုးမှု၊ အားကစားပစ္စည်း ထောက်ပံ့မှုနဲ့ မြန်မာအားကစားသမားတွေကို လေ့ကျင့်ပေးမှုစတဲ့ကဏ္ဍတွေမှာ အကူအညီ ပေးခဲ့တယ်လို့ သူက ရှင်းပြပါတယ်။
မြန်မာအားကစားသမား ၂၈ ယောက် တရုတ်နိုင်ငံကို ခေါ်ယူလေ့ကျင့်ပေးတာ၊ အားကစားနည်း ၁၁ နည်းအတွက် အားကစားသမား ၁၇၀ ကျော် လေ့ကျင့်ရေးအတွက် ကူညီတာတွေကိုလည်း လုပ်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။