တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ၃ ဆကျော်မြင့်တက်

မြန်မာနိုင်ငံနဲ့ နယ်စပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ၃ ဆကျော် အထိမြင့်တက်လာနေတယ်လို့ တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။
ဇူလိုင် ၁၉ ရက်နေ့က နယ်စပ်မြို့ ရွှေလီနဲ့ လျောင်ချွမ်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၉ ဦး ရှိရာမှာ ၄၁ဦးက မြန်မာနိုင်ငံကနေ ပြန်လာကြတဲ့ တရုတ်နိုင်ငံသားတွေဖြစ်ပြီး ကျန် ၈ ဦးက ပြည်တွင်းကူးစက်မှုလို့ ယူနန်ပြည်နယ်လက်ထောက်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
ဇူလိုင်လ ၆ ရက်ကလည်း မြန်မာနိုင်ငံသား ၁၂ ဦး အပါအဝင် ၁၅ ဦး ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ ယူနန်ပြည်နယ်မှာ လက်ရှိ ရောဂါ ကူးစက်မှုဟာ ကိုရိုနာဗိုင်းရပ်စ် ဒဲလ်တာမျိုးကွဲရဲ့ ဒုတိယလှိုင်းကို ကြုံရတာဖြစ်ပါတယ်။
ပထမလှိုင်းဟာ မေလအကုန်မှာ ကွမ်တုန်းနယ်မှာ ဖြစ်ပွားခဲ့ပြီး အဲဒီတုန်းကတော့ အဓိကဆိပ်ကမ်း အတော်များများကို ပိတ်ပစ်ခဲ့ရကာ ပြည်တွင်း ၊ပြည်ပ ကုန်သွယ်ရေးတွေ သိသိသာသာ ထိခိုက်ခဲ့ရပါတယ်။
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၁ ဦးရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။