ထုတ်ဝေခြင်းမရှိသည့် သတင်းစာများ ပြန်ရုပ်သိမ်းမည်
ရွှေအောင်
·
December 4, 2013
သတင်းစာထုတ်ဝေခွင့်ကျထားပြီး အခုထိမထုတ်သေးတဲ့ ပုဂ္ဂလိက နေ့စဉ် သတင်းစာတွေကို ထုတ်ဝေခွင့်ပြန်ရုပ်သိမ်းမယ်လို့ သက်ဆိုင်ရာက အကြောင်းကြားစာတွေ ပေးပို့နေပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်အောက်မှာရှိတဲ့ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနကနေ ထုတ်ဝေခွင့်ကျထားသူတွေဆီ အကြောင်းကြားစာတွေ ပေးပို့နေတာဖြစ်ပြီး ဒီလကုန်မှ မထုတ်နိုင်ရင် ထုတ်ဝေခွင့် ပြန်ရုပ်သိမ်းမယ် မူပိုင်ခွင့်နဲ့မှတ်ပုံတင်ဌာနက ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောပါတယ်။
“၂၅ ရက်၊ ၆ လ၊ ၂၀၁၃ ကစပြီး ကျနော်တို့ နောက်ဆုံး ခွင့်ပြုပေးခဲ့တာ ဖြစ်တယ်။ ယာယီသက်သေခံလက်မှတ်တွေ ကုန်ဆုံးမှာကတော့ ကျနော်တို့ ဒီဇင်ဘာ ၃၁ ရက်နေ့ဖြစ်ပါတယ်။ အဲဒါကြောင့် နောက်ဆုံး ခွင့်ပြုပေးခဲ့ချိန်နဲ့ သက်တမ်းကုန်ဆုံးမယ့်အချိန်က ၆ လကျော်ပြီဖြစ်ပါတယ်။ ဒီကာလဟာ သတင်းစာတစောင်ထုတ်ဝေဖို့ ပြင်ဆင်ချိန်လုံလောက်တဲ့ အချိန်ကာလဖြစ်ပါတယ်။ ဒါကြောင့် ထုတ်ဝေသူတွေအနေနဲ့ ၃၁ ရက်နေ့ ၁၂ လပိုင်း ၂၀၁၃ မှာ နောက်ဆုံးထားပြီး စတင်ထုတ်ဝေသင့်တယ်။ မထုတ်ဝေဘူးဆိုရင် ထုတ်ဝေခွင့်များကို ပြန်လည်ရုပ်သိမ်းသွားမှာဖြစ်ကြောင်း ၂၉ ရက် ၁၁ လမှာ ပြုလုပ်တဲ့ ပုံနှိပ်သူများနဲ့ ထုတ်ဝေသူများ ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေးကနေပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ”
ဒီဇင်ဘာ ၂ရက်ကစပြီး ထုတ်ဝေခွင့်ကျထားသူတွေထံ အကြောင်းကြားစာတွေ ပေးပို့ခဲ့တာလို့လည်း ပြောပါတယ်။
သတင်းစာထုတ်ဝေဖြန့်ချိလိုသူတွေအနေနဲ့ ထုတ်ဝေခွင့်ကျပြီး ၂ လအကြာမှာ စတင်ထုတ်ဝေရမယ်ဆိုတဲ့ စည်းကမ်းချက်ရှိထားပြီးသား ဖြစ်ပါတယ်။
ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့် ကျထားပြီး မထုတ်နိုင်ကြတာဟာ အရှုံးပြနေတဲ့ သတင်းစာတွေကြည့်ပြီး မစွန့်စားရဲကြတာကြောင့်လို့ ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာထုတ်ဝေနေတဲ့ ဦးကိုကို (စက်မှုတက္ကသိုလ်) က ပြောပါတယ်။
“သတင်းစာလုပ်ငန်းက စီးပွားရေးလုပ်ငန်းလေ၊ အလှူလုပ်တဲ့ လုပ်ငန်းမှာ မဟုတ်တာ၊ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အတွက်ကြောင့် အကုန်လုံးက ရှေ့မှာ စံနမူနာပြထားတဲ့ ဟာတွေက အရှုံးချည်းပဲ ပြနေတဲ့အတွက် နောက်လူတွေက အဲဒီ အခြေအနေထဲကို ၀င်မလာရဲဘူးဗျ။ အဲဒါကြောင့် မထုတ်တာ။”
အခုနေမှာ ထုတ်ဝေခွင့်ကျဖို့ လွယ်တာကြောင့် ထုတ်ဝေခွင့်ရုပ်သိမ်းသွားလည်း နောင် ပြန်လျှောက်ရင် ထုတ်ဝေခွင့်ပြန်ကျနိုင်ပါတယ်လို့ ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့် စတင်ခွင့်ပြုခဲ့ပြီးတဲ့နောက် သတင်းစာ အစောင် ၃၀ ထုတ်ဝေခွင့်ပြုခဲ့တဲ့ထဲ အခုထိ ၁၅ စောင်ပဲ နေ့စဉ်ထုတ်ဝေနေတာဖြစ်ပါတယ်။
မြန်မာနိုငံမှာ ပုဂ္ဂလိက သတင်းစာတွေ အရှုံးပေါ်နေရတဲ့ အကြောင်းရင်းတွေထဲမှာ ပြည်သူလူထု စာဖတ်အားနည်းတာနဲ့ လူမှုရေးကွန်ရက် အင်တာနက်စာမျက်နှာတွေကနေ သတင်းတွေ အလျှံအပယ် ရနိုင်တာတွေဟာ အဓိကအကြောင်းရင်းတွေဖြစ်တယ်လို့ သတင်းသမားတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာလိုပဲ နိုင်ငံတကာမှာလည်း နေ့စဉ်သတင်းစာတွေဟာ အွန်လိုင်းမီဒီယာတွေကို မယှဉ်နိုင်ဘဲ အရှုံးပေါ်နေပါတယ်။