အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ရဲဝန်ထမ်း ၁၀,၀၀၀ ကျော်လောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က သိရပါတယ်။
ဇွန်လကုန်ကနေ ဇူလိုင်လ ၂၀ ရက်နေ့ထိ စာရင်းတွေအရ ရဲဝန်ထမ်း ၁၀,၀၀၀ ကျော်လောက် ရောဂါကူးစက်ခံထားရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်(နေပြည်တော်)မှာ တာဝန်ထမ်းဆောင်နေတဲ့ ပြန်တမ်းဝင် ရဲအရာရှိကြီး တစ်ဦးက ပြောပါတယ်။
“ကူးစက်ခံရတာ အများဆုံးက ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အဲဒီမှာ များတယ်။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာလည်း ဖြစ်တော့ ဖြစ်တယ်၊ အဓိက ကူးစက်မှာသိလျက်နဲ့ ကျန်းမာရေး အကာအကွယ်အပြည့်အဝမရှိတာ” လို့ ပြောပါတယ်။
ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ ရဲတပ်ဖွဲ့ဌာနချုပ်တွေကို ဖြည့်စွက်စာတွေ ကျွေးဖို့ ပေးထားပြီး နေ့စဥ် ကူးစက်ခံရတဲ့စာရင်းနဲ့ ဖြည့်စွက်စာကျွေးတဲ့စာရင်း ဝန်ကြီးကို ပြန်တင်ပြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လပထမပတ်မှာ ဧရာဝတီတိုင်းဘက်က သာပေါင်းရဲစခန်းမှာ ချင်း(ဂျင်း) ပြုတ်ရည်ကို ခွက် ၁ ခွက်တည်းနဲ့ စခန်းရှိ လူကုန် သောက်ခိုင်းခဲ့လို့ ပြည်သူကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ထဲမှာ အများဆုံးကူးစက်ခံထားရတဲ့ တပ်ရင်းတပ်ဖွဲ့တွေကတော့ အများဆုံး စုပေါင်းနေထိုင်ရတဲ့ သင်တန်းကျောင်းတွေနဲ့ ရဲတပ်ရင်းတွေမှာ ဖြစ်တယ်လို့ သိရပါတယ်။