ရုရှားစစ်တပ်ဟာ ဇာကွန်ဟိုက်ပါဆောနစ် ခရုဇ်ဒုံးကျည်တစီးကို ဘားရန့်ပင်လယ် ကမ်းရိုးတန်းရဲ့ ကမ်းလွန် ၂၁၇ မိုင်ကျော် အကွာအဝေးက မြေပြင်ကို ပစ်မှတ်ထား စမ်းသပ် အောင်မြင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၉ ရက်မှာ ပြောပါတယ်။
ဒုံးကျည်ကို ပင်လယ်ဖြူထဲက သင်္ဘောပေါ်ကနေ ပစ်ခတ်ခဲ့တာလို့ ဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကလည်း အသံထက်မြန်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ ရုရှား စစ်လက်နက် မျိုးဆက်သစ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်။ ဒီဒုံးကျည်တွေဟာ ကမ္ဘာပေါ်က ဘယ်နေရာကိုမဆိုနီးပါး ထိမှန်နိုင်ပြီး အမေရိကန်က တည်ဆောက်ထားတဲ့ ဒုံးကျည် ကာကွယ်ရေးဒိုင်းတွေကိုလည်း ရှောင်တိမ်းနိုင်တယ်လို့ ၂၀၁၈ မတ်လက မိန့်ခွန်းအတွင်း ပြောဖူးပါတယ်။