
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ခရီးသည်တင်ယာဥ်လိုင်းတွေကို ပြည်နယ်စစ်ကောင်စီရဲ့ ညွှန် ကြားချက်နဲ့ ဇူလိုင် ၁၅ ရက်က စပိတ်လိုက်ပြီလို့ အဝေးပြေးယာဥ်လိုင်း ဥက္ကဋ္ဌ ဦးသိန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။
ကရင်ပြည်နယ်အတွင်း မျိုးရိုးဗီဇပြောင်း ကိုဗစ် -၁၉ ကူးဆက်ခံရသူများပြားလာတဲ့အတွက် ကုန်တင်ယာဥ်တွေမှအပ ခရီးသည်တင်ယာဥ်လိုင်းတွေကို ပြည်နယ်စစ်ကောင်စီ ညွန့်ကြားချက်နဲ့ သွားလာခွင့်ပိတ်လိုက်တာပါ။
အဝေးပြေးယာဥ်လိုင်းဥက္ကဋ္ဌ ဦးသိန်းနိုင်က "မနေ့ကစပြီး ယာဥ်လိုင်းတွေကို စပြီးပိတ်လိုက်တာပါ။ ခရီးသည်အစား ကုန်ပဲတင်လို့ရမယ်။ ခရီးသည်တင်ယာဥ်လိုင်း ပိတ်လိုက်တော့ ခရီးသည်ကော ယာဥ်လိုင်းက လူတွေကော အခက်အခဲတော့ ရှိတာပေါ့။ ဘယ်လောက်ကြာကြာ ပိတ်မလည်းတော့ မသိရသေးဘူး" လို့ ပြောပါတယ်။
ကိုဗစ်ဒုတိယလှိုင်းမှာလည်း ကုန်တင်ယာဥ်တွေကိုပဲ ထွက်ခွင့်ပြုပြီး ခရီးသည်တင်ယာဥ်တွေ ရပ်နားခဲ့ရတဲ့အတွက် မိသားစုစားသောက်ရေး အခက်အခဲတွေဖြစ်ခဲ့တယ်လို့ ဘားအံမြို့ဒေသခံ အဝေးပြေးယာဥ်မောင်းတစ်ဦးက ဆိုပါတယ်။
"ယာဉ်လိုင်းတွေ ပြန်ပြေးဆွဲတာ သုံးလလောက်ပဲရှိသေးတယ်။ အခုထပ်ပိတ်ခံရတော့ မိသားစုစားဝတ်နေရေး ဒုက္ခရောက်တာပေါ့။ ကိုဗစ်ဖြစ်ပြီး မသေဘူး။ အခုက ငတ်သေဖို့ပဲ ရှိတော့တယ်" လို့ ဆိုပါတယ်။
အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဝင်ရောက်လာတဲ့ ခရီးသည်တင်ယာဉ်တွေကို ပြည်နယ်အတွင်း ဝင်ရောက်ခွင့်မရှိစေဖို့ စစ်ဆေးကြပ်မတ်လုပ်ဆောင်သွားမှာဖြစ်သလို ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်တာမရှိရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ပြည်နယ်စစ်ကောင်စီက သတိပေးထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နယ်အတွင်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီးအပါအဝင် အဝေးပြေးယာဉ်လိုင်းပေါင်း ၂၅ လိုင်းရှိကာ လက်ရှိ ယာဥ်လိုင်း ၅ လိုင်းလောက်တာ ကုန်တင်ပြေးဆွဲနေပြီး ကျန်းမာရေးစစ်ဆေးမှုကိုတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုခံယူရတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။