
တယ်လီနောကုမ္ပဏီရဲ့ မြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းငွေတွေ မြန်မာစစ်တပ်နဲ့ဆက်နွှယ်နေတဲ့ MI Group ထံရောင်းချလိုက်တာကို ပြန်လည် ပယ်ဖျက်ပေးဖို့ တယ်လီနောကုမ္ပဏီနဲ့ နော်ဝေအစိုးရထံ မြန်မာအရပ်အဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
နော်ဝေဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီကြီး တယ်လီနောဟာ မြန်မာနိုင်ငံရှိ သူ့ရဲ့လုပ်ငန်းတွေကို လက်ဘနွန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 Group ဆီကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချလိုက်ပြီလို့ ဇူလိုင် ၈ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီလိုရောင်းချတာနဲ့ပတ်သက်ပြီး ဖျက်သိမ်းပေးဖို့ မြန်မာပြည်တွင်းရှိ အရပ်ဖက်အဖွဲ့စည်း ၄၆၄ ဖွဲ့က နော်ဝေဝန်ကြီးချုပ်ထံ လိပ်မူပြီး ဇူလိုင် ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်တောင်းဆို လိုက်တာဖြစ်ပါတယ်။ အဖွဲ့အစည်းတွေရဲ့အမည်ကိုတော့ လုံခြုံရေးအရ လျှို့ဝှက်ထားပါတယ်။
တယ်လီနောအနေနဲ့ လူ့အခွင့်အရေးနဲ့ လာဘ်ပေးလာဘ်ယူမှုတွေ နာမည်ပျက်ရှိတဲ့ MI Group သို့ လုပ်ငန်းရောင်းချတာကို ဖျက်သိမ်းပေးဖို့၊ မြန်မာနိုင်ငံရှိ တယ်လီနောလုပ်ငန်းတွေ ကို ရောင်းချရာမှာ လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်ဆန်းစစ်ခြင်းကို ကျယ်ပြန့်စွာ လူသိရှင်ကြား ဆောင်ရွက်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကနေ တယ်လီနောကုမ္ပဏီ စွန့်ခွာမယ့် အစီအစဉ်ကို အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဂျာနယ်လစ်တွေ၊ သုံးစွဲသူတွေ၊ အသက်နဲ့ရင်းပြီး စစ်အာဏာရှင်ကို အာခံနေသူတွေအပါအဝင် တယ်လီနောလုပ်ငန်းနဲ့ ဆက်စပ်ပတ်သက်သူတွေကို အကျေအလည်တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်ဖို့လည်း တိုက်တွန်း တောင်းဆိုထားပါတယ်။
တယ်လီနောအနေနဲ့ MI Group သို့ ရောင်းချလိုက်ခြင်းအားဖြင့် တယ်လီနောသုံးစွဲသူ ၁၆ သန်းတို့ရဲ့ ကိုယ်ရေးအချက်အလက်ရဲ့ ကံကြမ္မာဘယ်လိုဖြစ်လာမယ်၊ တယ်လီနောက ဒီအချက်အလက်တွေကို စစ်အစိုးရနဲ့ ဆက်စပ်နေတဲ့ MI Group ထံ ဘယ်လိုလွှဲပြောင်းပေးမယ် စတဲ့တာတွေကို စိုးရိမ်နေကြရကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
တယ်လီနောအနေနဲ့ ကျင့်ဝတ်လိုက်နာတဲ့ စီးပွားရေးလုပ်ငန်းမျိုးကို လုပ်ကိုင်ခြင်းဖြင့် နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ စံချိန်စံညွန်းတွေကို ဖော်ဆောင်မြင့်တင်ပေးနေတယ်လို့ ကြွေးကြော်ခဲ့သလို ပြည်သူတို့ရဲ့ ဒစ်ဂျစ်တယ်သုံးစွဲမှုတွေကို လုံခြုံစေပြီး ပုဂ္ဂလိကလွပ်လပ်ပိုင်ခွင့်ကို ထိပါးတဲ့နည်းလမ်းအားဖြင့် လူ့အဖွဲ့အစည်းကို ကာကွယ်ရန် ကြိုးပမ်းမယ်လို့ ကြွေးကြော်ထားပြီး အခုအခါ တယ်လီနော်ဟာ ဒီကျင့်ဝတ်တွေနဲ့အညီ ကျင့်ကြံခြင်းမရှိဘူးလို့လည်း ထောက်ပြထားပါတယ်။
တယ်လီနောအုပ်စုဟာ မြန်မာနိုင်ငံရှိ မိုဘိုင်းလ်ဖုန်းတွေရဲ့ ၁၀၀ ရာခိုင်နှုန်းကို M1 Group သို့ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချဖို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး အဲဒီထဲက ၅၅ သန်းဟာ ၅ နှစ်အတွင်း ပေးသွင်းရမယ့်ကြွေးမြီပုံစံ ပေးချေမှုဖြစ်တယ်လို့လည်းဆိုပါတယ်။
M1 Group ဟာ တယ်လီနောမြန်မာရှိ အစုရှယ်ယာအားလုံးကို ရယူပြီး လက်ရှိလုပ်ငန်းလည်ပတ်မှုကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုအပြီးမှာ မိုဘိုင်းလ်လုပ်ငန်းကို အကြီး အကျယ်ကန့်သတ်ချုပ်ချယ်ခံရပြီးနောက် တယ်လီနောဟာ မေလအတွင်းမှာ သူ့ရဲ့ မြန်မာနိုင်ငံက လုပ်ငန်းရဲ့တန်ဖိုးကို ပယ်ဖျက်ပစ်လိုက်ပြီး ဒေါ်လာ ၇၅၂ သန်း ဆုံးရှုံးခဲ့ပါတယ်။
တယ်လီနောကုမ္ပဏီဟာ မြန်မာနိုင်ငံအတွင်းလုပ်ငန်းတွေကနေ ၂၀၂၀ ပြည့်နှစ်မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရရှိခဲ့တယ်လို့ ကုမ္ပဏီရဲ့အစီရင်ခံစာအရ သိရပါတယ်။ တယ်လီနောမြန်မာကို ဝယ်ယူတဲ့ M1 Group ဟာ မသမာတဲ့ စီးပွားရေး နိုင်ငံရေး နည်းလမ်း တွေနဲ့ အလွန်အမင်းချမ်းသာကြွယ်ဝလာကြတဲ့ လက်ဘနွန်နိုင်ငံသား မီကာတီ (Mikati) မိသားစုက ပိုင်ဆိုင်သည့် ဦးပိုင်ကုမ္ပဏီတစ်ခု ဖြစ်သလို မြန်မာစစ်တပ်ပိုင် Mytel နဲ့ စီးပွားရေး လုပ်ဆောင်နေတဲ့ Irrawaddy Green Towers ဆက်သွယ်ရေးတာဝါတိုင်ကုမ္ပဏီမှာ ရင်းနှီး မြှုပ်နှံထားတယ်လို့ Justice For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။