သရက်မြို့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများ ကိုဗစ်ကူးစက်ခံရသဖြင့် ဘဏ်အချို့ခေတ္တပိတ်ထား

မကွေးတိုင်း၊ သရက်မြို့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း ၁၉ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် မြန်မာ့စီးပွားရေးဘဏ်ကို ဇူလိုင် ၁၂ ရက်ကနေ ၂၀ ရက်နေ့ထိ ခေတ္တပိတ်ထားမယ်လို့ ဘဏ်ဝန်ထမ်းတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့မှာ ဝန်ထမ်းအမျိုးသမီး ၂ ဦး ပိုးတွေ့ရှိခဲ့ပြီး ကျန်ဝန်ထမ်း ၃၃ ဦးကို ညနေဘက်မှာ အရေးပေါ် စစ်ဆေးပေးခဲ့ရာ နောက်ထပ် ၁၇ ဦး ထပ်မံတွေ့ရှိတာလို့ ဆိုပါတယ်။

“ဘဏ်ဝန်ထမ်းမိသားစုတွေကို အပြင်မထွက်ဘဲ အိမ်မှာနေဖို့ ညွှန်ကြားထားသလို ဘဏ်ကိုလည်း တပတ် ဆယ်ရက်လောက် ပိတ်မှာဖြစ်တယ်။ မိသားစုဝင်ထဲကပါ တွေ့နေရပြီ” လို့ အစိုးရအရာထမ်းတဦးက ပြောပါတယ်။

အဲဒီနောက် ဇူလိုင် ၁၀ ရက်နေ့မှာ ထိစပ် ၁၀၀ ဦးကျော်ကို ဆက်လက်စစ်ဆေးရာ ၂၁ ဦး ထပ်မံတွေ့ရှိရလို့ မိသားစုဝင်တွေကိုပါ Stay at Home အဖြစ် ‌သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့အထိ သရက်မြို့မှာ ပိုးတွေ့ရှိထားသူ စုစုပေါင်း ၂၄၃ ဦးရှိပြီး၊ ဆေးရုံဆင်းခွင့်ရသူ ၂၂ ဦး၊ သေဆုံးသူ ၁ ဦး ရှိနေတယ်လို့ သိရပါတယ်။

သရက်မြို့မှာ မြန်မာ့စီးပွားရေးဘဏ်၊ KBZ ၊ အင်းဝ၊ မြဝတီ၊ CB နဲ့ မွေးရေကမ္ဘာ့ရတနာဘဏ်တို့ ရှိကြပြီး၊ မြန်မာ့စီးပွားရေးဘဏ်အပြင် KBZ ဘဏ်နဲ့ CB ဘဏ်တို့လည်း ပိတ်ထားရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up