ကျောက်ဖြူတွင် ခရိုင်အဆင့်ရှိ အရာရှိ ၂ ဦး ကိုဗစ်ကြောင့် သေဆုံး


ကိုဗစ်-၁၉ ကူးစက်ခံရပြီး ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ခရိုင်လမ်းဦးစီးဌာနက ခရိုင်ဦးစီးမှူးနဲ့ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ၁ ဦးတို့ ဇူလိုင် ၁၂ ရက်နေ့က သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါသေဆုံးသွားသူ ၂ ဦးထဲက ခရိုင်လမ်းဦးစီးမှူးဟာ အဝလွန်ပြီး အသက်ရှူရခက်တဲ့ ရောဂါအခံရှိသူ ၁ ဦးဖြစ်ကာ ဇူလိုင် ၇ ရက်နေ့က ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရာမှ ဇူလိုင် ၁၂ ရက်နေ့က နေ့လယ်က သေဆုံးသွားတာပါ။
ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ဆီးချို၊ သွေးတိုးရောဂါအခံရှိတဲ့ ဒုခရိုင်ရဲမှူးဟာလည်း အဲဒီနေ့ညမှာပဲ သေဆုံးသွားတယ်လို့ လေးဝတီကုလရက္ခိတပရဟိတအသင်း ဥက္ကဋ္ဌ ကိုဂျပန်ကြီးက ပြောပါတယ်။
“၁၂ ရက်နေ့မှာ ကိုဗစ်အတည်ပြုလူနာတွေထဲက ခရိုင်လမ်းဦးစီးမှူးက နေ့လယ်မှာ ဆုံးသွားတယ်။ ည ၁၁ နာရီကျော်မှာ ရဲရုံးက ဒုခရိုင်ရဲမှူး ၁ ဦး ထပ်ဆုံးသွားပါတယ်။ သူတို့က ရောဂါအခံရှိတဲ့သူတွေလို့ သိရတယ်။ ခရိုင်လမ်းဦးစီးမှူးမှာဆိုရင် အဝလွန်ပြီးတော့ အသက်ရှူရခက်တဲ့ ရောဂါရှိတယ်လို့ ပြောတယ်။ အဲဒီလမ်းဦးစီးဌာနက မြို့နယ်တာဝန်ရှိသူ ၁ ဦးမှာ ၆ ရက်နေ့က ပိုးတွေ့လို့ ဆက်စပ်သူတွေကို စစ်တော့ ခရိုင်ဦးစီးမှူးမှာလည်း ပိုးတွေ့တယ်။ အဲဒါနဲ့ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေတာ၊ ရဲရုံးက ဒုခရိုင်မှူးကလည်း ဆီးချို၊ သွေးတိုး ရောဂါအခံရှိတယ်လို့ သိရတယ်။ သူကတော့ ၁၁ ရက်နေ့မှာ ကိုဗစ်တွေ့လို့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာပေါ့။ မနေ့ကပဲ ၂ ယောက်စလုံး ဆုံးသွားတာပါ။”
ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဇူလိုင်လ ၃ ရက်နေ့ကနေ ဇူလိုင်လ ၁၂ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၆၁ ဦးအထိရှိကာ ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ရောဂါအခံရှိတဲ့ စနဲမြို့မှ လူနာ ၁ ဦး သေဆုံးသွားခဲ့သလို ဇူလှိုင် ၁၂ ရက်နေ့မှာ ၂ ဦး ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ လူနာ ၃ ဦးရှိနေပြီဖြစ်တယ်လို့ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးက သိရပါတယ်။