ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ဇူလိုင် ၁၁ ရက်၊ ညနေပိုင်းက ကိုဗစ်-၁၉ ရောဂါနဲ့ အမျိုးသားတစ်ယောက် စတင်သေဆုံးခဲ့ပါတယ်။
မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းက သီးသန့်လူနာဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ အသက် ၄၅ နှစ်လောက် အရွယ် အမျိုးသားတစ်ဦးဟာ ဇူလိုင် ၁၁ ရက် ညနေ ၆ နာရီမှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးခဲ့တာပါ။
ကိုဗစ်တတိယလှိုင်းဖြစ်ပွားနေချိန်ကာလအတွင်း မိုးကောင်းမြို့မှာ ရောဂါကူးစက်မှုနှုန်း မြန်ဆန်များပြားနေတာကြောင့် တစ်ပတ်အတွင်း ရောဂါပိုးကူးစက်သူဦးရေ ၆၇ ဦးရှိနေပါတယ်။
ကျန်းမာရေးဝန်ထမ်း တစ်ဦးက "ပြည်သူလူထုတွေအနေနဲ့ ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင် တစ်ဦးချင်းစီတိုင်းဟာလည်း ကိုဗစ်စည်းကမ်းနဲ့အညီ နေထိုင်ကြစေလိုပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးဟာ ကူးစက်မှုမြန်ဆန်တာကြောင့် မိုးကောင်းမြို့အတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ ဆရာဝန်အင်အားနဲ့ ကျန်းမာရေးဝန်ထမ်း အင်အား နည်းပါးတာကြောင့် တတ်နိုင်သလောက် အားထည့်ပြီးလုပ်ကိုင်နေကြပါတယ်" လို့ ပြောပါတယ်။
အဆိုပါ သေဆုံးသူ အမျိုးသားမှာ ကျန်ရှိခဲ့တဲ့ မိသားစုသုံးဦးစလုံးမှာလည်း ရောဂါပိုးတွေ့ရှိရလို့ စောင့်ကြည့်စင်တာမှာ ထားရှိပါတယ်။
သူ့ရဲ့နေအိမ်ကို အသွားအလာ ကန့်သတ်ထားပြီးသေဆုံးသူအမျိုးသားကိုတော့ ညတွင်းချင်း သင်္ဂြိုဟ်ခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။