မြင်းစီးအားကစားသမားများ နိုင်ငံတကာထိုးဖောက်နိုင်ရေး ဘာသာစကားကျွမ်းကျင်ရန်လို

မြန်မာနိုင်ငံက မြင်းစီးအားကစားသမားတွေ မြင်းစီးအတတ်ပညာ အကျွမ်းတ၀င်ရှိပေမယ့် အာရှနဲ့ နိုင်ငံတကာအဆင့်ကို ထိုးဖောက်ဝင်ရောက်ဖို့ ဘာသာစကားအတားအဆီးကို ကျော်ဖြတ်ဖို့ လိုအပ်တယ်လို့ မြင်းစီးအားကစားနည်းပြ ဦးသိန်းဝင်းက ပြောပါတယ်။ 1“မြင်းစီးအားကစားက တော်ဝင်အားကစားဖြစ်နေတော့ အဆင့်အတန်း တော်တော်မြင့်တယ်။ နိုင်ငံတကာကို ထိုးဖောက်မယ်ဆိုရင် ဘာသာစကားတွေ တက်ကျွမ်းရမယ်၊ ပညာအရည်အချင်း ကောင်းရမယ်၊ ဒီအချက်တွေရှိမှ နိုင်ငံတိုင်းကို ထိုးဖောက်လို့ရမယ်။ မြင်းစီးက မြန်မာပြည်မှာတော့ ကျွမ်းကျင်ကြတယ်။ ဘာသာစကား အခြေခံအားဖြင့် နည်းကြတယ်။ ဘာသာစကားအားနည်းတဲ့အတွက် နိုင်ငံတကာကို ထိုးဖောက်ဖို့ နည်းနည်းခက်တယ်။” မြင်းစီးအားကစားသမားတွေဟာ နေပြည်တော် ပြိုင်ပွဲကျင်းပတဲ့ မြင်းစီးကွင်းမှာ မနက် ၆ နာရီကတည်းက စတင်လေ့ကျင့်နေကြပြီး ဆီးဂိမ်းမြင်းစီးပြိုင်ကွင်းက နိုင်ငံတကာ အဆင့်မီပါတယ်လို့ ဦးသိန်းဝင်းက ဆိုပါတယ်။ ဆီးဂိမ်းမြင်းစီးပြိုင်ပွဲမှာ မြင်းစီးအမျိုးအစား ၃ မျိုးကို ထည့်သွင်းပြီး နိုင်ငံပေါင်း ၇ နိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် ဆီးဂိမ်းလောကမှာ အများဆုံး ၀င်ပြိုင်တဲ့ ပွဲလည်းဖြစ်ပါတယ်။ ယှဉ်ပြိုင်မယ့် မြင်းစီးအားကစားနည်းတွေကတော့ ခရီးဝေးမြင်းစီးပြိုင်ပွဲ၊ တန်းခုန်ပြိုင်ပွဲ၊ အလှစီးပြိုင်ပွဲတွေဖြစ်ပြီး အသက်အရွယ်ကန့်သက်ချက်မရှိ ကျား/မ မရွေးယှဉ်ပြိုင်နိုင်ပါတယ်။ ကီလို ၈၀ (မိုင်အားဖြင့် ၅၀) အကွာအဝေးရှိတဲ့ ခရီးဝေးမြင်းစီးပြိုင်ပွဲမှာ မြန်မာ၊ အင်ဒို၊ ထိုင်းနဲ့ မလေးရှားတို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ခရီးဝေးပြိုင်ပွဲကို ည ၈ နာရီ တာထွက်မှာဖြစ်ပြီး မနက် ၅ နာရီကျော်အထိ ယှဉ်ပြိုင်ကြမှာပါ။ မြန်မာမြင်းတွေနဲ့ယှဉ်ပြိုင်မှာ ဖြစ်သလို မိရိုးဖလာလည်း ဖြစ်တဲ့အတွက် ရွှေဆုရမယ်လို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒီပြိုင်ပွဲနဲ့ပတ်သက်လို့ နည်းပြ ဦးသိန်းဝင်းက “ခရီးဝေးတော့ မြင်းတွေ သက်သာအောင် ညဘက် ကျင်းပတာပါ။ ည ၈ နာရီမှာ တာထွက်မယ်။ လမ်းကြောင်း ၃ ခု ပေးထားတယ်။ ၂၅ ကီလို တကြောင်းရှိမယ်၊ ၂၄ ကီလိုတကြောင်းနဲ့ ၃၅ ကီလို တကြောင်းရှိမယ်။ ကီလို အားလုံးပေါင်း ၈၀ ရှိရမယ်။ ညဘက် ၈ နာရီ စီးလိုက်ရင် အားလုံးပေါင်း ၁ နာရီကို ၁၀ ကီလိုမီတာနှုန်းနဲ့ စီးမယ်ဆိုရင် အနည်းဆုံး စီးချိန် အားလုံးပေါင်း ၈ နာရီလောက်ကြာမယ်။ မြင်းစစ်တာတို့ ဘာတို့နဲ့ဆိုရင် ၁၁ နာရီ ၁၂ နာရီလောက်ကြာမယ်။ ည ၈ နာရီထွက်မယ်ဆိုရင် မနက် ၅ နာရီ ပတ်ဝန်းကျင် ၆ နာရီလောက်မှ ပြီးမယ်။” မြင်းစီးအားကစားနည်းဟာ လူက ကျွမ်းကျင်ရုံတင်မကဘဲ မြင်းကပါ လိုက်ပါဆောင်ရွက်နိုင်ဖို့ လိုအပ်ကြောင်း၊ မြင်းစီးသမားနဲ့ မြင်း ဟန်ချက်ညီညီ လုပ်ဆောင်ပြီး အောင်ပွဲခံနိုင်ဖို့ လိုအပ်ကြောင်း ရှင်းပြပါတယ်။ ကျန်မြင်းစီးပွဲတွေအတွက် ဩစတေးလျနိုင်ငံကနေ မကြာသေးခင်ကမှ ရောက်ရှိလာတဲ့ မြင်း ၂၄ ကောင် ကို အသားကျအောင် မြန်မာမြင်းစီးသမားတွေက လေ့ကျင့်နေကြသလို နိုင်ငံခြားက နည်းပြတဦးကလည်း မြန်မာမြင်းစီးသမားတွေကို အနီးကပ် ကြီးကြပ်သင်ကြားပေးနေပါတယ်။ မြန်မာမြင်းစီးအဖွဲ့ဟာ ဆီးဂိမ်းဖွင့်ပွဲမှာ ဓားထုတ်၊ လှံထိုး စတဲ့ မြင်းစီးအတတ်ပညာတွေ ပါဝင်တဲ့ မြင်းခင်းသဘင် ဆင်ယင်ကျင်းပတဲ့ ပြကွက်ကိုလည်း သရုပ်ပြ တင်ဆက်ကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up