အမေရိကန် ဒုတိယသမ္မတ အရှေ့အာရှခရီး စတင်

1K
တရုတ်နိုင်ငံက ကြေညာခဲ့တဲ့ လေကြောင်းကာကွယ်ရေး နယ်နိမိတ်ဇုန်အသစ်နဲ့ ပတ်သက်ပြီး အငြင်းပွားနေချိန်မှာပဲ အမေရိကန်ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်ဟာ ၆ ရက်ကြာ အရှေ့အာရှခရီးစဉ်ကို စတင်လိုက်ပါတယ်။
ဒုတိယသမ္မတဟာ ဂျပန်နိုင်ငံကို အရင်သွားရောက်မှာဖြစ်ပြီး ဒုတိယအနေနဲ့ တရုတ်နိုင်ငံကို သွားမှာ ဖြစ်ပါတယ်။ နောက်ဆုံး တောင်ကိုရီးယားနိုင်ငံကို ၀င်ပြီး ဒီဇင်ဘာ ၇ ရက်နေ့မှာ သူရဲ့ အရှေ့အာရှ ခရီးစဉ် ပြီးဆုံးပြီး အမေရိကန်နိုင်ငံကို ပြန်ရောက်မှာ ဖြစ်ပါတယ်။
အမေရိကန်ဒုတိယသမ္မတရဲ့ အခု ခရီးစဉ်အတွင်း တရုတ်လေကြောင်းကာကွယ်ရေး ဇုန်သစ်ကသာ နေရာယူနေလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။
တရုတ်နိုင်ငံက ကြေညာခဲ့တဲ့ လေကြောင်းကာကွယ်ရေးဇုန်သစ်ကို အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့က ပြင်းပြင်းထန်ထန် ဝေဖန်နေပါတယ်။
တရုတ်နိုင်ငံက လေကြောင်းနယ်နိမိတ်ဇုန်သစ်ထဲကို အကြောင်းမကြားဘဲ ၀င်ရောက် ပျံသန်းလာရင် တုံ့ပြန် အရေးယူမယ်ဆိုလို့ ဆိုပေမယ့် အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုးရီးယား စစ်လေယာဉ်တွေဟာ လေကြောင်းနယ်နိမိတ်ဇုန်သစ်ထဲကို ကြိုတင် အကြောင်းကြားခြင်းမရှိပဲ ပျံသန်းခဲ့ကြပါတယ်။
မစ္စတာဂျိုးဘိုင်ဒင်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အိမ်ဖြူတော်က ထုတ်ပြန်ထားတဲ့ ကြေညာချက်ထဲမှာတော့ ဒုတိယသမ္မတရဲ့ ခရီးစဉ်ဟာ အာရှပစိဖိတ်ဒေသတွင်း စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ တည်ငြိမ်ရေးတွေမှာ အမေရိကန်ရဲ့အခန်းကဏ္ဍဟာ အရေးတကြီး ပါဝင်နေမယ်ဆိုတာကို ပြသမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
