အစိုးရတုံ့ပြန်ချက် နိုင်ငံသားများအတွက် အကျိုးမရှိဟု အန်အယ်လ်ဒီကြေညာ
DVB
·
December 2, 2013
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကမ်းလှမ်းချက်အပေါ် အစိုးရရဲ့ အချိန်မကျသေးဘူးဆိုတဲ့ တုံ့ပြန်ချက်ဟာ နိုင်ငံသူ နိုင်ငံသားတွေအတွက် အကျိုးရလဒ်မရှိသလို ပြုပြင်ပြောင်းလဲရေးကိုလည်း နှောင့်နှေးစေမှာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ပါတီက အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ၊ လွှတ်တော်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို အစိုးရက အချိန်မကျသေးဘူးလို့ ပြောဆိုလိုက်တဲ့အပေါ် ဒီနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်တုံ့လိုက်တာပါ။
ဒါ့အပြင် အုပ်ချုပ်ရေးဘက်က တွေ့ဆုံရေးကို မလိုလားဘူးဆိုတဲ့ ပြောကြားချက်တွေအရ အစိုးရဟာ ဒီမိုကရေစီအရေးနဲ့ ပြုပြင်ပြောင်းလဲရေးကို မလိုလားဘူးလို့ ယူဆစရာ ဖြစ်နေကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးပါတီ ၅၈ ပါတီနဲ့ သက်ဆိုင်ကြောင်း၊ ပါတီတခုတည်းနဲ့ ဆွေ့ဆုံဖို့ မသင့်တော်ကြောင်း အစိုးရရဲ့ ပြောကြားချက်ဟာလည်း ၁၉၈၈ ခုနှစ် အမျိုးသား ရင်ကြားစေ့ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ န၀တအစိုးရတို့ ဆွေးနွေးဖို့ တင်ပြချက်အပေါ် န၀တအစိုးရရဲ့ တုံ့ပြန်ချက်လို ဖြစ်နေကြောင်း ကြေညာချက်က ဆိုပါတယ်။