အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံမှ ပြန်လာပြီးနောက် သတင်းနှစ်ပတ်နီးပါး လူမြင်ကွင်းကိုထွက်မလာဘဲ ကွယ်ပျောက်နေပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံမှ ဇွန်လ ၂၇ ရက်မှာ နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာကြောင်း စစ်ကောင်စီမီဒီယာတွေကနေ ထုတ်ပြန်ပြီးနောက် ဒီကနေ့ ဇူလိုင် ၉ ရက်အထိ နေ့စဉ် သတင်းစာတွေနဲ့ ရုပ်မြင်သံကြားသတင်းတွေမှာ သူ့ရဲ့ သတင်းတွေကို မတွေ့ရတော့တာပါ။
သတင်းစာတွေမှာလည်း ဇူလိုင် ၃ ရက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို သဝဏ်လွှာပေးပို့တာ ၊ ရုရှားခရီးစဉ်အတွင်း ရုရှားမီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းလုပ်တဲ့ သတင်းတွေကိုသာ ဖော်ပြတာတွေ့ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီအစည်းအဝေးတွေကိုလည်း ခေါ်ယူကျင်းပတာမတွေ့ရဘဲ တချို့ အစည်းအဝေးတွေမှာတော့ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဦးဆောင်တက်ရောက်တာ မြင်တွေ့ရပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားက ပြန်လာပြီးနောက် ကွာရန်တင်းဝင်နေတာဖြစ်တယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက ပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ပြန်လာစဉ်ကတော့ ကွာရန်တင်းဝင်တာ မတွေ့ရပါဘူး။
လက်ရှိမြန်မာနိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ တတိယလှိုင်းနဲ့ ကြုံတွေ့နေရပြီး ရောဂါကူးစက်ဖြစ်ပွားမှုရော သေဆုံးမှုပါ စံချိန်တင်မြင့်တက်နေတာဖြစ်ပါတယ်။
Photo-MOI