ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ရှိ မေခမြစ်ထဲကို ဇူလိုင် ၇ ရက် မနက်အစောပိုင်းက စစ်ကောင်စီတပ်သား တစ်ဦး မျောပါ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“ဒီမနက် အစောကြီးမှာ သွားတွေ့တာ အရင်ချီဖွေကြိုးတံတားအောက်နားလေးမှာပဲ။ သေနတ်လည်း ပါတယ်လို့ပြောတယ်။ အလောင်းကိုတော့ သူတို့စစ်တပ်ကပဲ ပြန်လာယူသွားကြလို့ မတွေ့လိုက်ရဘူး”လို့ ချီဖွေမြို့ခံတစ်ဦးက ပြောပါတယ်။
အဆိုပါသေဆုံးသွားခဲ့တဲ့ စစ်သားဟာ ယမန်နေ့ ညကတည်းက ပျောက်ဆုံးနေရာမှ အခုလို မိုးကြီး ပြီး မေခမြစ်ရေတက်နေချိန် မြစ်ထဲမျောပါသေဆုံးသွားခဲ့တာဖြစ်ပါတယ်။
ချီဖွေမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက မေခမြစ်ကို စက်လှေနဲ့ကူးတဲ့ ပြည်သူတွေထံကနေ စစ်ဆေးတောင်းရမ်းတာတွေပြုလုပ်လေ့ရှိတာ ဖြစ်ပါတယ်။
“သူတို့က အသက်ကောပြည့်ကြလားမသိဘူး တချို့ဆိုကလေးရုပ်သာသာနဲ့ သေနတ်ကိုင်ပြီး ကူးတို့ဆိပ်မှာ ဟိုဘက်ကမ်းက ပြည်သူတွေလာရင် စစ်ဆေးမေးမြန်းတတ်ပြီး ဘာပါလဲ မေးကာ အသားတွေပါရင်တောင်းယူပြီး အရက်ဆိုင်ထိုင်နေတတ်တယ်” လို့ ချီဖွေဒေသခံက ပြောပါတယ်။