
စစ်ကောင်စီခန့် မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းရဲ့နေအိမ် လုံခြုံရေးတာဝန်ကျ ရဲ နှစ်ဦးမှာ ဇူလိုင်လ ၆ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့တယ်လို့ စည်ပင်ဝန်ထမ်းတွေထံက သိရပါတယ်။
မြို့တော်ဝန် နေအိမ်ဟာ ၆၉ လမ်းနဲ့ လမ်း ၇၀ ကြား ၃၂ လမ်းထောင့်မှာရှိတာ ဖြစ်ပြီး မြို့တော်ဝန် အဆက်ဆက် နေထိုင်ဖို့ ဆောက်လုပ်ထားတဲ့အိမ် ဖြစ်ပါတယ်။
မန္တလေးစည်ပင်ဝန်ထမ်းတွေကို စစ်ကောင်စီလက်ထက်မှာ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီးပေမယ့် ရောဂါကူးစက်မှု အများအပြား ရှိနေပါတယ်။
ယခင် မြို့တော်ဝန် ဒေါက်တာရဲလွင် လက်ထက်က ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ စည်ပင်ဝန်ထမ်းတွေကို ဟိုတယ်မှာထားကာ ကုသမှုကုန်ကျစရိတ်အားလုံး တာဝန်ယူပြီး စနစ်တကျ ကုသပေးခဲ့တယ်လို့ သိရပါတယ်။
အခု ရောဂါကူးစက်ခံထားရသူတွေကိုတော့ ၃၅ လမ်းက ၅၇ လမ်းနဲ့ ၅၈ လမ်းကြားက တိုက်ခန်းတွေမှာ ထားရှိထားပြီး လူနာတွေ နေထိုင်စားသောက်ဖို့ အဆင်မပြေဘူးလို့ သိရပါတယ်။
မြို့တော်ဝန် နေအိမ်ကိုတော့ စည်ပင်ဘဏ္ဍာငွေနဲ့ မနေ့ကတည်းက နေရာအနှံ့ ဆေးဖြန်းပြီးပြီလို့ စည်ပင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။